8/03/2008

ဖတ်ရင်းတွေး၍ တွေးရင်းဖတ်ရန်

အိမ်ထောင်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာ ....

ဒီစာအုပ်လေး ကျွန်တော်ဆီ ရောက်နေတာကြာပါပြီ .. အခုမှပဲ တင်ဖြစ်ပါတယ် ..
ဦးသိန်းလွင် + ဒေါ်သန္တာတိုး တို့ရဲ့ မေတ္တာလက်ဆောင် စာအုပ်လေးပါ ..
ကာယကံရှင်တွေနဲ့ မသိကျွမ်း မရင်းနှီးပေမယ့် .. တဆင့် တဆင့်ဆိုသလို ကျွန်တော်ဆီ ရောက်လာတာလေးကို ဆက်လက်မျှဝေပေးတာပါ ..
တစ်နည်းအားဖြင့် ကျွန်တော်ရဲ့ အတွေးစိတ်ကူးတွေနဲ့ တစ်ထပ်တည်းကျနေလို့ပါပဲ ..
ကျွန်တော်ရဲ့ မိသားစုဘ၀တစ်ခုကို အဲဒီထဲကအတိုင်း ရှေ့ဆက်ဖို့ ရည်ရွယ်ထားပါတယ် ..
ဖတ်ရင်းလည်းတွေးကြပါ .. တွေးရင်းလည်းဖတ်ကြပါ .. ဖတ်ပြီးရင်လည်း လိုက်နာကျင့်သုံးကြည့်ကြပါ ..
အကယ်၍ အခြား ဖြည့်စွက်စရာများရှိသေးရင်လည်း ကျွန်တော့်ဆီ အီးမေးပေးပို့စေလိုပါတယ် ..

အိမ်ထောင်ရေး တည်တံ့ခိုင်မြဲခြင်း၏ အဓိကအချက်များ ..
(၁) တစ်ဦးပေါ် တစ်ဦး သစ္စာစောင့်သိခြင်း၊
(၂) သစ္စာတရားဖြင့် စောင့်သိခြင်းအပေါ် ဘာသာတရားက ထောက်ကူခြင်း၊
(၃) တစ်ဦးပေါ်တစ်ဦး အကောင်းမြင်ဝါဒဖြင့် ရှုမြင်ခြင်း၊
(၄) ယောက်ျားဖြစ်သူက ဇနီးပေါ် ထာဝရ မြတ်နိုးတန်ဖိုးထားရှိခြင်း၊
(၅) ဇနီးဖြစ်သူက လင်ယောက်ျားအပေါ် ထာဝရ အထင်ကြီး လေးစားအားကိုးခြင်း၊
(၆) တစ်ဦး၏ အခက်အခဲများကို တစ်ဦးက ရိုင်းပင်းကူညီခြင်း၊
(၇) ဇနီးမောင်နှံ နှစ်ဦးတို့သည် ၁၅၀၀ ကိလေသာအချစ်နှင့် ၅၂၈ သွယ်သော မေတ္တာတို့ ရောနှော၍ ချစ်ခင်စုံမက်ခြင်း၊

ဇနီးမောင်နှံ နှစ်ဦးတို့သည် အောက်ပါအတိုင်း သစ္စာပြုသင့်သည် ...
(၁) ငါသည် လင်တစ်ယောက်အနေဖြင့် အကောင်းဆုံးလင် ဖြစ်စေရမည်၊
(၂) ငါသည် မယားတစ်ယောက်အနေဖြင့် အကောင်းဆုံးမယား ဖြစ်စေရမည်၊
(၃) ငါသည် မိဘအနေဖြင့် အကောင်းဆုံးမိဘ ဖြစ်စေရမည်၊
(၄) ငါသည် သားသမီးအနေဖြင့် အကောင်းဆုံး သားသမီး ဖြစ်စေရမည်၊

တစ်ဦးကိုတစ်ဦး ခွင့်လွှတ်စာနာခြင်း ...
(၁) တစ်ဦး၏ စိတ်သဘောထားကို တစ်ဦးက လေ့လာရမည်၊
(၂) ခွင့်လွှတ်ခြင်းပြုနိုင်မည့် ပျော့ကွက်ဟာကွက်များကို သိရမည်၊
(၃) လေးစားရမည့် အရည်အချင်းများလည်း ရှာဖွေကြည့်တတ်ရမည်၊

ဇနီးကောင်းတစ်ဦးဖြစ်ရန် ...
(၁) အိမ်တွင်းမှုတည်းဟူသော စားဝတ်နေရေးအတွက် မှန်မှန်ကန်ကန် စနစ်ဇယားနှင့် လင်ယောက်ျားရှာဖွေပေးသမျှနှင့် လောက်ငအောင် စီမံပြုနိုင်ခြင်း၊
(၂) အိမ်သုံးပစ္စည်းမှန်သမျှ မလေမလွင့်၊ မပျက်မစီး၊ မပျောက်မရှအောင် ထိန်းသိမ်းမှုပြုခြင်း၊
(၃) လင်ယောက်ျားမှ တစ်ပါး အခြားသော အမျိုးသားနှင့် ပြောဆိုဆက်ဆံရာတွင် သန့်သန့်စင်စင် သိက္ခာရှိရှိ ကာယိနြေ္ဒကို စောင့်သိခြင်း၊
(၄) မိမိဘက် မိမိခင်ပွန်းဘက် ဆွေမျိုးတို့အား ကိစ္စကြီးငယ်ရှိ၍ ကူညီပေးကမ်းရသည့်အခါ မျှမျှတတ တရားသဖြင့် ပြုမူခြင်း၊
(၅) မိမိသည် အိမ်ထောင်ရှင် တစ်ဦးပြုရမည့် တာဝန်များ ပေါ့ပေါ့တန်တန်ထားပြီး ပျင်းရိဖင့်နွဲ့နေသူ မဟုတ်ဘဲ လုံးလ၊ ၀ီရိယ၊ ပညာနှင့် ကြိုးစားခြင်း၊

ခင်ပွန်းကောင်း တစ်ဦးဖြစ်ရန် ...
(၁) မိမိဇနီး၏ အရည်အချင်းကောင်းများကို ရှာဖွေလေ့လာပြီး ဇနီးသည်အား လေးစားမြတ်နိုးစွာ တာဝန်ပေးခြင်း၊
(၂) မိမိရှာဖွေရရှိသော ပစ္စည်းဥစ္စာများကို ဇနီးသည်ထံ တစ်အိမ်ထောင်လုံးအတွက် စားဝတ်နေမှု ဖူလုံအောင် ပေးအပ်ခြင်း၊
(၃) ဇနီးသည်မှ တစ်ပါး အခြားသော အမျိုးသမီးများအပေါ် မပြစ်မမှား စိတ်မ၀င်စားဘဲ ကာယိနြေ္ဒ ထိန်းသိမ်းမှုရှိခြင်း၊
(၄) ဇနီးသည်အား အချိန်အခါ အခြေအနေအရ အ၀တ်အစားများ ပေးကမ်းခြင်း၊
(၅) မိမိဇနီးသည်အား မြတ်နိုးချစ်ခင် ကြင်နာမှု ရှိခြင်း၊

အိမ်ထောင်ပြုခြင်းသည် ...
(၁) အိမ်ဖော်ရှာခြင်း မဟုတ်ပေ၊ ဘ၀အဓိပ္ပါယ်၊ ဘ၀အရသာများ ပြည့်ဝစုံလင်စွာ ပါဝင်သော ယောက်ျားနှင့် မိန်းမ ပေါင်းစည်းမှု ဖြစ်သည်၊
(၂) အိမ်ထောင်ရေးတွင် တစ်ဦးနှင့်တစ်ဦး နားလည်မှု အလိုအပ်ဆုံး ဖြစ်သည်။ နားလည်မှုရှိလေ ခိုင်မြဲလေဟု ဆိုနိုင်သည်၊

အိမ်ထောင်တစ်ခုမှာ ...
(၁) ဟန်ဆောင်ဖုံးကွယ်ထားမှု ကင်းရမယ်၊
(၂) တစ်ယောက်ကို တစ်ယောက် အပြန်အလှန် စွပ်စွဲ အပြစ်ဆိုမှု ကင်းရမယ်၊

ဘယ်သူတွေရဲ့ အိမ်ထောင်ရေးဟာ အောင်မြင်ပါသလဲ ဆိုရင် ...
(၁) အိမ်ထောင်ပြုတာဟာ ဘ၀တစ်ခုကို တည်ဆောက်တာ
(၂) ဘ၀ဆိုတာ ငိုခြင်း
(၃) ဘ၀ဆိုတာ ရယ်ခြင်း
(၄) ဘ၀ဆိုတာ ဆဲဆိုခြင်း
(၅) ဘ၀ဆိုတာ ခိုက်ရန်ဖြစ်ပွားခြင်း
(၆) ဘ၀ဆိုတာ ငြူစူခြင်း
(၇) ဘ၀ဆိုတာ ဒေါသဖြစ်ခြင်း
(၈) ဘ၀ဆိုတာ ငြိမ်းချမ်းခြင်း
(၉) ဘ၀ဆိုတာ ရွှင်ပြခြင်း
(၁၀) ဘ၀ဆိုတာ နာမကျန်းဖြစ်ခြင်း
စသည်တို့ကို နားလည်ပြီး ရင်ဆိုင်ရန် အသင့်ရှိတဲ့ လူတွေဟာ အောင်မြင်မှုတွေ ရမှာပဲ။

အိမ်ထောင်ရေးတွင် ..
- မိမိက သူတစ်ပါးကို စိတ်ချမ်းသာမှု မပေးဘဲ မိမိကိုယ်တိုင် စိတ်ချမ်းသာမှု ရရှိရန် မျှော်လင့်၍ မဖြစ်ချေ။ ရင်းနှီးငွေ မထုတ်ဘဲ ပစ္စည်းဥစ္စာ အမြတ်အစွန်း မရနိုင်သကဲ့သို့ပင် ဖြစ်သည်။

မိသားစု တစ်ခုတွင် ...
(၁) သာသမီး မိဘအားလုံး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ဆက်ဆံမှုရှိခြင်းလောက် ကြက်သရေရှိသောအရာ မရှိပါ။
(၂) လင်မယား ချစ်ကြသည့် အချစ်မှာ အမြဲသစ်လွင်နေဖို့ လိုသည်။
(၃) လင်မယားဆိုသည်မှာ ဘ၀နှစ်ခု ပေါင်းပြီး အတူတူ ရုန်းကန်မည့်သူများ ဖြစ်ရကား၊ မည်သည့်ကိစ္စမဆို ဟန်ဆောင်မှု ဖုံးကွယ်မှု လိမ်လည်ပြောဆိုမှု မရှိစေရ။
(၄) ချစ်သူနှစ်ဦး တစ်သီတင်းတွင် တစ်ကြိမ်၊ နှစ်ကြိမ် ငယ်မူပြန်ဖို့ အချိန် သတ်မှတ်ထားသင့်သည်။
(၅) လင်မယားဟူသည်မှာ တစ်ဦးနှင့်တစ်ဦး သက်လုံးပုံ၍ ချစ်နေကြသူများဖြစ်ရာ တစ်ဦးဆန္ဒကို တစ်ဦးက ဖြည့်စွက်နိုင်ရန် ပွင့်ပွင့်လင်းလင်း ဆက်ဆံဖို့ ရှက်စရာ၊ ကြောက်စရာ၊ ဖုံးကွယ်စရာ ဘာတစ်ခုမှ မထားအပ်ပေ။
(၆) အမျိုးသမီး၊ အမျိုးသားများအဖို့ တစ်သက်တွင် တစ်ခါသာ အိမ်ထောင်ပြုခြင်းသည် အကောင်းဆုံးဖြစ်သည်။

အိမ်ထောင် သာယာရတဲ့ အကြောင်း ...
(၁) အိမ်ထောင်ပြုကတည်းက တစ်သက်မှာ တစ်ခါသာ အိမ်ထောင်ပြုမယ်လို့ ဆုံးဖြတ်ထားခြင်း၊
(၂) ကိုယ်ရွေးလိုက်တဲ့ ယောက်ျား/ဇနီးမှာ ကိုယ်မလေ့လာမိတဲ့ အပြစ်အနာအဆာကလေးများ ရှိရင်တောင်၊ အနစ်နာခံပြီး ပေါင်းမယ်လို့ ဆုံးဖြတ်ထားခြင်း၊
(၃) ကိုယ့်ကြောင့် လင်သား/ဇနီးသည် စိတ်အနှောက်အယှက်မဖြစ်စေအောင် ကြိုးပမ်းမယ်ဆိုတဲ့ အဆုံးအဖြတ်နှင့် စေတနာ ထားရှိခြင်း၊
(၄) ငွေကြေးထက် စေတနာ၊ မေတ္တာ၊ စာရိတ္တ၊ ပရဟိတစိတ်တွေ ချမ်းသာရန် လိုခြင်း၊
(၅) အဓိဋ္ဌာန်မြဲမြံ၊ သစ္စာမေတ္တာခိုင်မာ၊ စေတနာ သဒ္ဒါတရားလည်းပြည့်စုံခြင်း၊
(၆) အိမ်ထောင်တည်တံ့ရန် လူကောင်းကို ရှာယူရုံနှင့်မပြီး၊ ကိုယ်တိုင်လည်း လူကောင်းဖြစ်ရန် လိုပေသေးသည်။

အိမ်ထောင် ပျက်ယွင်းစေသည့် အကြောင်းများ ...
(၁) နပူနဆာ လုပ်ခြင်း၊
(၂) တစ်ဦးကို တစ်ဦး ငြီးငွေ့အောင် မလုပ်သင့်၊
(၃) ဆူပူကြိမ်းမောင်းခြင်း မလုပ်သင့်၊
(၄) စေတနာဖြင့် ချီးကျူးခြင်းကို မေ့လျော့ခြင်း၊
(၅) တစ်ဖက်သားကို ယုယုယယပြုမူခြင်း မရှိခြင်း၊
(၆) တစိမ်းတရံစာများကို ရိုသေကိုင်းရှိုင်းသကဲ့သို့ မိမိဇနီး/ခင်ပွန်း အပေါ်တွင်လည်း ရိုသေကိုင်းရှိုင်းခြင်း၊
(၇) ရာဂစိတ် ပြေငြိမ်းမှုတွင် မကျေမနပ်ဖြစ်ရခြင်း၊
(၈) အချိန်ပိုဖြုန်းရာတွင် လင်နှင့်မယား သဘောထားကွဲလွဲခြင်း၊
(၉) ငွေရေး ကြေးရေး အခက်အခဲ တွေ့ကြုံခြင်း၊
(၁၀) သူတစ်ပါးထက် ထူးသော စိတ်နေစိတ်ထား ရှိခြင်း၊

အိမ်ထောင်ပျက်စီးစေမည့် အဓိက အကြောင်း(၂)ရပ်
(၁) တစ်ဦးနှင့်တစ်ဦး ငွေရေးကြေးရေးနှင့် ပတ်သက်၍ သံသယရှိခြင်း၊
- ဇနီး (သို့) ခင်ပွန်းသည် မိမိရရှိသည့် ၀င်ငွေကို မိမိအိမ်ထောင်ဘက် မသိအောင် သိုဝှက်သုံးစွဲခြင်း၊
- မိမိဘက် ဆွေမျိုးမိဘများကို အိမ်ထောင်ဘက်မသိအောင် ပေးကမ်းထောက်ပံ့ခြင်းများသည် ငွေရေးကြေးရေး သံသယကို ဖြစ်စေမည့် အကြောင်းရင်းပင် ဖြစ်သည်။
(၂) တစ်ဦးနှင့်တစ်ဦး စာရိတ္တနှင့် ပတ်သက်၍ သံသယရှိခြင်း၊
- မိမိ၏ ဇနီး/ခင်ပွန်း၏ ကွယ်ရာတွင် အခြားဆန့်ကျင်ဘက် လိင်များအပေါ် မရိုးမသားသော စိတ်ထားနှင့် ရောနှောဆက်ဆံခြင်း ဖောက်လွဲ ဖောက်ပြန် နေထိုင်ခြင်းသည် စာရိတ္တနှင့် ပတ်သက်၍ သံသယကို ဖြစ်စေမည့် အကြောင်းတရားပင် ဖြစ်သည်။

လင်ယောက်ျားကို မြတ်နိုးရိုသေခြင်းသည် မိန်းမတို့၏ အလှ၊ မိန်းမတို့၏ ကြက်သရေဟု လောကနီတိက ဆိုသည်။
အကြင်မိန်းမသည် လင်ယောက်ျားအား ..
(၁) စားသောအခါ၊ ၀တ်ဆင်သောအခါတို့၌ အမိကဲ့သို့ နှစ်သက်ဖွယ် ပြုပြင်ပေးတတ်၏၊
(၂) လျှို့ဝှက်သော အမှုလုပ်သောအခါ လင်၏အပါးသို့ သွားသောအခါတို့၌ ကျွန်မကဲ့သို့ ရိုသေတတ်၏၊
(၃) ဘေး(ဒုက္ခ)ရှိသောအခါ တိုင်ပင်ဘက်ရ၏၊
(၄) အိပ်သောအခါ မွေ့လျော်စေတတ်၏၊
(၅) အရောင်အဆင်းကို ပြုပြင်ခြင်း၌ တင့်တယ်စွာ ပြုတတ်၏၊
(၆) အမျက်ထွက်သောအခါ သည်းခံတတ်၏၊
ထိုမိန်းမသည် မြတ်၏၊ သေလွန်သောအခါ နတ်ပြည်၌ ဖြစ်ရာ၏ဟု လောကနီတိက ဆိုသည်။

အဆုံးနှင့် အစ ...
- ရုပ်ရှင်ဇာတ်လမ်းများတွင် ပေါင်းကြလေသတည်း ဆိုလျှင် ဇာတ်လမ်းဆုံးသည်၊
- ဘ၀တွင်ကား ပေါင်းကြလေသတည်းဆိုကာမှ ဇာတ်လမ်းစလေသည်။

အိမ်ထောင်ရေး ..
- အငိုလွယ် အရှိုက်ခက်၏၊
- အခေါ်လွယ် အနှင်ခက်၏၊
- ပေးလွက်လျှက် အတောင်းခက်၏။
သို့ဖြစ်ရာ ...
ကိစ္စတစ်ခု ၊ ထိုအမှု .. မပြုမီကပင်
ပြုသင့် မပြုသင့်၊ ထိုအခွင့် .. ချင့်၍နှိုင်းတိုင်ပင်
အခွင့်လျော်သော်၊ တော် မတော် .. ရှုမျှော်ဥာဏ်နှင့်ယှဉ်
လွန်ပြီးကာမှ၊ ပြင်မရ .. နောင်တ အဖတ်တင်။

လင် နှင့် မယား
လင်ယောက်ျားကလည်း (အိမ်ထောင်ကျပြီးပေမယ့်) ကိုယ့်ဇနီးကို အမြဲတမ်း လူပျိုလှည့်နေရတယ် ..
ဇနီးကလည်း လင်ယောက်ျား၏ အသည်းနှလုံးတို့ သွားရာလမ်းကား အစာအိမ်မှ တစ်ဆင့်တည်းဆိုတဲ့ စကားကို သဘောပေါက်ပြီး
ကျွေးမွေးပြုစုတဲ့ ပညာကို အရေးတကြီး ဆည်းပူးသင့်တယ်။

စိတ်ဓါတ်အင်အား ..
- တိကျသော ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ရတဲ့ လုပ်ငန်းများအတွက် နှစ်ဦး (သို့) ထိုထက်များများ ပုဂ္ဂိုလ်တွေ သဟာဇာတစိတ်ပါရှိတဲ့ ကြီးမြင့်စိတ် မဟာမိတ် အဖွဲ့ထံမှသာ ကောင်းမွန်ခိုင်လုံသော စိတ်ဓါတ်အင်အားကို ဖြစ်ပွား ပေါ်ပေါက်လာစေတယ်၊
- လင်ယောက်ျားရဲ့ ဇနီးမယားဟာ သူမရဲ့ လင်ကို တိုးတက်ဖြစ်ထွန်းအောင် (သို့) ဆုတ်ယုတ်ပျက်စီးအောင် လုပ်ဆောင်နိုင်တယ်၊ ယောက်ျားနဲ့ မိန်းမ စိတ်တူညီမှုရှိလို့၊ လင်ရယ် မယားရယ်လို့ ဖြစ်လာတဲ့အခါမှာ အဖြူစင်ဆုံး ကြီးမြင့်စိတ် အဖွဲ့တစ်ခုကို တည်ထောင်ဖွဲ့စည်းမိကြခြင်း ဖြစ်တယ်၊
- သူတို့နှစ်ဦးဟာ ချစ်ခြင်းမေတ္တာ နားလည်မှုရှိတဲ့ အေးအတူ ပူအမျှ စိတ်ထား၊ နှစ်ကိုယ့်တစ်စိတ်နှင့် ထားရှိတဲ့ ရည်ရွယ်ချက်များ အပြင် သဟဇာတ စိတ်များကို စုစည်းပေါင်းစပ်တဲ့ မဟာမိတ်အဖွဲ့ကို တည်ထောင်မိကြခြင်း ဖြစ်တယ်။
- ဤလောကကြီးရဲ့ သမိုင်းတစ်လျောက်မှာ ဇနီးမယားရဲ့ ကောင်းမြတ်သော စိတ်ထား စေတနာ အရှိန်အ၀ါကို ရရှိတဲ့ လင်ယောက်ျားဟာ သူ့ရဲ့ စေ့ဆော်စိတ်ထား ကြီးမားပြီး အောင်မြင်ထင်ရှားတဲ့ ယောက်ျားသားကြီး အဖြစ်သို့ တက်လှမ်းခဲ့ကြတာကို တွေ့မြင်ရမှာ သေချာတယ်။
- ၀က်သစ်ချပင် စေ့မှ ၀က်သစ်ချပင်ပေါက်လာရခြင်းဟာ နေ၏ ရောင်ခြည်ဓါတ် ကွန့်မြူးမှုကို တုန့်ပြန်ခြင်း ဖြစ်တယ်၊ ငှက်ငယ်ဟာ ဥခွံကို နှုတ်သီးဖြင့် ခွဲပြီး အပြင်ဘက်ထွက်၍ ပျံသန်းမှုဟာလည်း ပြင်ပမှ အနွေးဓါတ်ကို တုန့်ပြန်မှု ဖြစ်တယ်။
- ထိုနည်းတူစွာ အမျိုးသမီးတစ်ဦးရဲ့ နွေးနွေးထွေးထွေး ရှိနေတဲ့ မေတ္တာနဲ့ ကြင်နာခြင်းကို ယောက်ျားတိုင်းရဲ့ ဦးနှောက်အတွင်းမှာ လဲလျောင်းအနားယူနေတဲ့ အောင်မြင်မှု မျိုးစေ့ဟာလည်း ရှင်သန်စွာ အပင်ပေါက်စေရန် အလျင်အမြန် တုံ့ပြန်မှု ပြုမြဲဖြစ်တယ်။

ကြင်နာစိတ် ..
- ကြင်နာစိတ်သည် အဘယ်မည်သော သူ၏ စိတ်နှလုံးတံခါးကိုမဆို ပွင့်စေနိုင်သည်။ ကြင်နာခြင်း၌ သဘောထားကြီးခြင်း၊ ညှာတာခြင်း၊ တတစ်ခါတစ်ရံ အနစ်နာခံခြင်းများ ပါဝင်လေသည်။ ကိုယ့်ဖို့သာ သိသောသူသည် ကြင်နာမှု မဖြစ်နိုင်၊ အစစ်ဖြစ်သော ကြင်နာခြင်းသည် အိမ်၌ အစပြု၏၊ သားမယား အခြွေအရံ၊ အခိုင်းအစေတို့ အပေါ်၌ ကြင်နာစိတ်ကို စ၍ ထားရမည်။ အိမ်၌ ကြင်နာစိတ်မရှိက အခြားမှာ အဟုတ်တကယ် ကြင်နာစိတ် မရှိနိုင်။

No comments: