9/27/2008

Love is ...

အချစ်မှာ အချိန် . အကွာအဝေး . နေရာဒေသ . လူမျိုးဘာသာ ကန့်သတ်မှု မရှိပါဘူး ..

(၅)နှစ်အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ပြောတယ် ..
နင်ခေါင်းကိုငဲ့ပြီး မျက်လုံးဝိုင်းကလေးကို ပုတ်ခတ်ရင်း .. အဲဒါ ဘာအဓိပ္ပါယ်လည်းလို့ ငါ့ကို မေးခဲ့တယ်။

(၁၅)နှစ်အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ် ..
အင်္ကျီအနားစကို အဓိပ္ပါယ်မဲ့ လုံးချေကစားရင်း ခေါင်းလေးကိုငုံ့ ရှက်သွေးတွေဖြာပြီး နင်ပြုံးနေခဲ့တယ်။

(၂၀)နှစ်အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ် ..
ငါ့ပုခုံးထက်မှာ ခေါင်းလေးကိုမှီပြီး ငါပျောက်ကွယ်သွားမှာကို စိုးတဲ့အလား ငါ့လက်မောင်းကို နင်တင်းတင်းလေး ဖက်ထားတယ်။

(၂၅)နှစ်အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ် ..
မနက်စာကိုပြင်ဆင်ရင်း ငါ့နဖူးကိုတစ်ချက်နမ်းပြီး `` သိပါတယ် .. ထပါတော့လူပျင်းလေးရယ် ´´ လို့ ချစ်စနိုးနဲ့ နင်ပြောခဲ့တယ်။

(၃၀)အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ် ..
``တကယ်ချစ်ရင် ရုံးဆင်းချိန် လျှောက်မလည်နဲ့၊ မှာတဲ့ပစ္စည်းတွေကိုလည်း ၀ယ်ခဲ့ဖို့ မမေ့နဲ့´´လို့ နင်ရယ်ပြီး ပြောခဲ့တယ်။

(၄၀)အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ် ..
ပန်းကန်တွေသိမ်းရင်း ``ကောင်းပါပြီ .. ကောင်းပါပြီ ကလေးတွေကို စာပြလိုက်ပါဦး´´ လို့ နင်စိတ်မရှည်စွာ ပြောခဲ့တယ်။

(၅၀)အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ် ..
သိုးမွှေးချည်ကိုထိုးရင်း ``တကယ်လား .. နင့်စိတ်ထဲမှာ ငါ့ကို စောစော သေစေချင်နေတယ်မဟုတ်လား´´ လို့ပြောပြီး တခစ်ခစ်နဲ့ နင်ရယ်နေခဲ့တယ်။

(၆၀)အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ် ..
ငါ့လက်မောင်းကို တစ်ချက်ထုရင်း ``အဘိုးကြီး မြေးတွေတောင်ကြီးနေပြီး အပြောကမက်တုန်း´´လို့ ပြောခဲ့တယ်။

(၇၀)အရွယ်တုန်းက မျက်မှန်ထူထူကိုတပ် ငါတို့ထိုင်ခုံပေါ်မှာ တူတူထိုင်ပြီး လွန်ခဲ့တဲ့ အနှစ်(၅၀)က ဓါတ်ပုံတွေကို ကြည့်နေခဲ့တယ်။ နင့်ရဲ့ တွန့်ကြေနေတဲ့လက်ကို ငါဆုတ်ကိုင်ရင်း ငါနင့်ကိုချစ်တယ်လို့ပြောတယ် ..
အကြင်နာတွေ ပြည့်နေတဲ့ မျက်လုံးနဲ့ နင်ငါ့ကို ကြည့်နေခဲ့တယ်။ အရစ်ကြောင်းတွေနဲ့ တွန့်ကြေနေပေမယ့် နင့်ရဲ့မျက်နှာဟာ လှပနေဆဲပါ။

(၈၀)အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ပြောတယ် ..
နင် လဲလျောင်းနေတယ် .. ငါငိုနေတယ်။ နောက်ဆုံးတစ်ခွန်း နင်ပြောခဲ့တယ် `` ငါ .. နင့် .. ကို .. ချစ် .. တယ်´´
ငါ့ဘ၀မှာ အပျော်ဆုံးနဲ့ ၀မ်းအနည်းဆုံး နေ့တစ်နေ့ပါပဲ ။

အချစ်စစ်ဟာ အချိန်ကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ အကွာအဝေးကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ နေရာဒေသကို ကျော်ဖြတ်တယ်။
အချစ်ကို တန်ဖိုးထားတတ်ဖို့ ၊ မြတ်နိုးတတ်ဖို့ နဲ့ နားလည်တတ်ဖို့ပဲ လိုတယ်။

ရဲရင့်ငယ် ဘလော့ဂ် ထဲကတွေ့လို့ ပြန်လည်ကူးယူ ခံစားလိုက်တာပါ ...

(၅)နှစ်အရွယ်မှာ ချစ်တယ်လို ပြောခဲ့ဖူးပါတယ် ..
(၁၅)နှစ်အရွယ်မှာ ချစ်တယ်လို့ ပြောခဲ့ဖူးတယ် .. ဒါပေမယ် သူမ မဟုတ်ဘူး ..
(၂၀)နှစ်အရွယ်မှာ ချစ်တယ်လို့ ပြောခဲ့မိတယ် .. တခြား တစ်ယောက်ကိုပေါ့ ..
(၂၅)နှစ်အရွယ်မှာ ချစ်တယ်လို့ ပြောခဲ့ပါတယ် .. နောက် တစ်ယောက်ကိုပါ ..
အခု ကျွန်တော် အသက်(၃၀)မှာ ...
ကောင်မလေးတစ်ယောက်ကို ရင်ခုန်စွာနဲ့ ချစ်တယ်လို့ ပြောလိုက်ပါတယ် ..
မြတ်နိုးစွာနဲ့ ချစ်မိသွားတယ်လို့ လည်း ယုံကြည်ပါတယ် ..
သူမ ကလည်း ကျွန်တော့်ကို ချစ်နေတယ်ဆိုတာ ကျွန်တော်သိထားတယ် ...
ကျွန်တော် သူမကို လက်ထပ်ဖို့ ရည်ရွယ်ထားတယ် .. မကြာခင်မှာ ကျွန်တော်တို့ လက်ထပ်ဖြစ်မယ်လို့လဲ ယုံကြည်ထားတယ် .. ဘယ်လိုအကြောင်းမျိုးကြောင့်မှ ကျွန်တော်တို့ ဝေးကြရမှာ မဟုတ်ပါဘူး ..
ကျွန်တော်တို့ နှစ်ယောက်ကြားထဲမှာ စကားလေးတစ်ခွန်းရှိတယ် ..
ခိုင်မာသော သစ္စာ .. ခိုင်မြဲသော မေတ္တာ များဖြင့် ခိုင် မှ ခိုင် ပါ လို့ ..

ဒီနေရာကို နှိပ်လိုက်ပါ . . .