11/27/2008

မှားပါတယ် ဘဦးရယ်

တစ်နေ့သ၌ .. ခရီးသွားရန်ကိစ္စကြုံလာသဖြင့် တပည့်ကျော် ဘဦး အား ကားလက်မှတ်ဝယ်ခိုင်းရန် အတွက်
“ဟေ့ .. ဘဦး ခဏကွာ” “ဟုတ်ကဲ့ ပြောပါဆရာ”
“ငါ နောက် ၃ ရက်လောက်နေရင် ခရီးသွားဖို့ရှိတယ် . ငါဖို့ ကားလက်မှတ် တစ်စောင်သွားဝယ်ပေးကွာ ...
အလယ်ခုံ ၀ယ်ခဲ့နော်” “ဟုတ်ကဲ့ ဆရာ” ပြောပြောဆိုဆိုနဲ့ပဲ တပည့်ကျော် ထွက်သွားလေပြီ။
ခရီးသွားမယ့်နေ့ .. ကားထွက်ဖို့ အချိန်စောသေးတဲ့အတွက် ကားဂိတ်နားက လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း
ဘဦးကို အလုပ်ကိစ္စတွေအတွက် မှာစရာရှိတာ မှာနေရပါသေးသည်။
“ကားထွက်မယ် .. ခရီးသည်တွေ ကားပေါ် တက်လို့ရပါပြီ” ကားစပါယ်ယာရဲ့ အော်သံကြောင့် ကျွန်တော်လည်း ကားပေါ်တက်လိုက်ပါတယ် .. ကားပေါ်ရောက်တော့မှ ထိုင်ခုံနံပါတ်ကြည့်ရန် ဘဦးဝယ်ပေးပြီးကတည်းက မေ့မှာစိုး၍ လက်ဆွဲအိတ်ထဲ ထည့်ထားသော ကားလက်မှတ်ကို သတိရပါသည် ..
“ဟိုက် .. သွားပြီ” ကားလက်မှတ်မေ့ကျန်ခဲ့ခြင်းမဟုတ်ပါ .. လက်မှတ်ကတော့ ပါပါသည် .. သို့သော် ......
ခုမှ ခုံနံပါတ်ကြည့်မိသည် .. အလယ်ခုံ .. တကယ်ကို အလယ်ခုံပါ .. ဘယ်ညာ ခရီးသည်တွေရဲ့ ကြားထဲက လျှောက်လမ်းပေါ်မှ အလယ်ခုံ ..
ကျွန်တော်ဝယ်ခိုင်းသည်က ကားရဲ့ ရှေ့ပိုင်းဆို လူအတက်အဆင်းများ၍ မျက်စေ့နောက် ခေါင်းမူးတတ်သည်။ ကားနောက်ပိုင်းဆို ကားခုန်သည့်ဒဏ်ကို မခံနိုင် . ဒါကြောင့် ကားရဲ့ အလယ်ပိုင်းကထိုင်ခုံ။ ခုဝယ်ထားသည်က အလယ်ခုံ .. အင်း .. မထူးတော့ မထူးခြား။ ဒါပေမယ့် မတူ။
မတတ်နိုင် ကျွန်တော်ကားပေါ်က ဆင်းခဲ့ရသည် .. “ဘဦး ရာ မင်း ဒီလောက်လေးတောင် မသိဘူးလားကွာ” ဆိုတော့ ..
“ထင်တော့ထင်သားဗျ .. ဒါကြောင့် အဲဒီနေ့က အရောင်းစာရေးမက ပြုံးပြုံးပြနေတာကိုး” မပြုံးခံနိုင်ပါ့မလား ..
ဘေးထိုင်ခုံတွေ မရတော့မှ မဖြစ်နိုင်သည့်အဆုံး ခရီးသွားရမယ့်သူတွေသာ ၀ယ်သည့် အလယ်ခုံကို ၃ ရက်လောက် ကြိုဝယ်သည် ဆိုမှတော့ ....။
အဲဒီနေ့က ကျွန်တော် နောက်ကားနဲ့မှသာ ခရီးသွားဖြစ်ပါတော့သည်။ “မှားပါတယ် ဘဦးရယ်”

(မိတ်ဆွေတစ်ဦးရဲ့ ပြောပြချက်ကို ဇာတ်လမ်းဖွဲ့ထားပါသည်။)

No comments: