11/25/2008

လွတ်ကျသွားသည့် ဇွန်းတစ်ချောင်း၏ နိဂုံး

အခန်း(၁)... ဇွန်းတစ်ချောင်း၏နိဒါန်း (သို့) အချစ်ကိုစတင်တွေ့ရှိခြင်း

“ဂွမ်”
“ဟာ .. ဟိတ်ကောင် ဘယ်လိုဖြစ်တာလဲ”
“ငါ .. အချစ်ကို တွေ့လိုက်ပြီ”
သူငယ်ချင်းနဲ့အတူ လက်ဖက်ရည်ဆိုင်မှာ မနက်စာ ထမင်းကြော် စားဖို့လုပ်ရင်း . ပါးစပ်နားရောက်ခါနီးမှ ပြန်ပြုတ်ကျသွားတဲ့ ဇွန်း တစ်ချောင်းနဲ့ ပန်းကန်တို့ ပြန်ထိရိုက်သွားတဲ့ အသံ .. အဲဒီအသံရဲ့နောက်ကွယ်မှာက ကျယ်လောင်လွန်းတဲ့ ကျွန်တော့်ရဲ့ နှလုံးသားသံစဉ် ...
တစ်ကြိမ်တစ်ခါမှ အချစ်ဆိုတာကို စိတ်မ၀င်စားခဲ့တဲ့ ကျွန်တော် ..
ကောင်မလေး ချောချောလှလှတွေ့ရင် စတတ် နောက်တတ်တဲ့ ကျွန်တော် ..
အချစ် .. အချစ် နဲ့ မကြာခဏ ပြောတတ်တဲ့ သူငယ်ချင်းတွေကို လှောင်ပြောင် ခဲ့တဲ့ ကျွန်တော် ..
တက္ကသိုလ်မှာ ဒုတိယနှစ် စာမေးပွဲဖြေပြီးချိန်မှာမှ လက်ဖက်ရည်ဆိုင်မှာ တစ်ယောက်တည်း မနက်စာ လာစားနေတဲ့ ကျွန်တော်တို့ ရှေ့စားပွဲက ကောင်မလေး တစ်ယောက်ကို မြင်မိကာမှ ကျွန်တော် အချစ်နတ်ရဲ့ ဖမ်းစားခြင်းကို ခံလိုက်ရတယ် ..
အချစ် မြှားနတ်မောင်ကတော့ တော်တော်ပျော်နေရော့မယ် .. ဒီတစ်ခါတော့ ကျွန်တော့်ကို မှန်အောင် ပစ်နိုင်ပြီ ဆိုပြီးတော့ပေါ့ ...
သူ .... ချောပါတယ် .. လှပါတယ် ဆိုတဲ့ မိန်းကလေးမျိုးထဲမှာ မပါဘူး ..
ဒါပေမယ့် .. ကျွန်တော် သူ့ကို ချစ်မိသွားတယ် .. ဘာကြောင့်လည်းတော့ မပြောတတ်ဘူး . ယဉ်ယဉ်လေးနဲ့ ကျွန်တော့် ကို ရူးသွပ်သွားစေခဲ့တယ် ...
လှလို့ချစ်တာမဟုတ် .. ချစ်လို့ လှတာပါ ဆိုသလိုမျိုးပဲ ...

ပါးစပ်ထဲကို တစ်ဇွန်းမှ ရောက်မလာသေးတဲ့ ထမင်းကြော်ကိုလည်း ဆက်မစားဖြစ်တော့ ... သူ့ ကိုသာ ကျွန်တော် ငေးကြည့်နေမိတယ် .. လောကကြီးနဲ့ ကျွန်တော် အဆက်ပြတ်သွားသလို ခံစားနေရတယ် ..
“ဟိတ်ကောင် .. ဟိုမှာ ပြန်တော့မယ် .. လိုက်ပြောပါလား”
သူငယ်ချင်းဖြစ်သူရဲ့ စကားသံ ပေါ်လာတော့မှ ကျွန်တော် အသိပြန်ဝင်လာတယ်
“အေး”
ဒီတစ်ခွန်းပဲပြန်ပြောနိုင်ခဲ့တယ် .. သူထွက်သွားတဲ့နောက်ကို ကျွန်တော်လည်း စက်ဘီးစီးရင်း လိုက်သွားမိတယ် ..
အရင်တုန်းက ကောင်မလေးတွေကို လိုက်ပြီး စခဲ့ .. နောက်ခဲ့ တဲ့ကျွန်တော် ..
သူ့ကို စကားစပြောဖို့ ကျွန်တော် နှုတ်က မရဲဝံ့ပြီ ..
ဘယ်ကစလို့ .. ဘယ်လိုစကားမျိုးတွေ ပြောရမလဲ .. ကျွန်တော့်မှာ သတ္တိတွေ မရှိတော့ပြီ။
“ဟိတ်” ကျွန်တော် နှုတ်က ပထမဆုံး ထွက်သွားတဲ့ စကားတစ်ခွန်း
သူကတော့ လှည့်လိုပင်မကြည့်။
“နာမည်ဘယ်လိုခေါ်လဲ” ဘာမှ ထူးမလာ
“ဘယ်မှာ နေတာလဲ .. ဘယ်နှစ်ကလဲ .. ဘယ်မေဂျာကလဲ” မရိုးနိုင်တဲ့မေးခွန်းတွေ တစ်မျိုးပြီးတစ်မျိုး မေးနေသော်လည်း သူ့ဆီက စကားတစ်ခွန်း .. အကြည့်တစ်ချက်ပင် မရ ..။ ရန်လိုတဲ့ အကြည့်မျက်စောင်း လေးတောင် ကျွန်တော့်အတွက် မရှိ။ ရက်စက်လိုက်တာ ချစ်သူရယ် ... ကျွန်တော့်ရဲ့ ပုံစံက လိုက်ပြီး စနောက်နေသူလို ဖြစ်နေပေမယ့် .. ကျွန်တော့် ရင်ထဲမှာတော့ သူ့ကို အရမ်းကို ချစ်မိနေပြီ . . .။ သူနေတဲ့ ကျောင်းသူဆောင်ကိုရောက်လို့ သူဝင်သွားတော့မှာပဲ ကျွန်တော် အပျော်တချို့နဲ့ နောက်ကြောင်းပြန်ခဲ့ရတယ် ..
ကောင်မလေးက ဘယ်မှ ပြန်မပြောဘဲ .. ဘာလို့ အပျော်တချို့နဲ့ ပြန်ခဲ့ရလဲ လို့ ထင်ကြမယ် ... သူနေတဲ့ အဆောင်မှာ ကျွန်တော့် သူငယ်ချင်းတွေ ရှိနေလို့ပါ ...

အခန်း(၂)... အချစ်ရူးကြီး ရူးတော့သည်

ညတစ်ည ..
သူရှိနေတဲ့ အဆောင်ကို ပထမဆုံးအကြိမ် သွားတဲ့ည ..
တနည်းအားဖြင့် .. အဲဒီနေ့ရဲ့ ည .
မနက်ပိုင်း သူ့ ကို တွေ့ပြီးတဲ့ နောက်ပိုင်း . ကျွန်တော် ဘာမှ လုပ်လို့မရတော့ ..
တစ်နေ့လုံး ကျောင်းထဲမှာ ရှာတော့လည်း မတွေ့ရ ..
အဆောင်ရှေ့ကို ရောက်တော့ သူ့ ကို ရှာကြည့်မိတယ် .. ကျွန်တော့်အတွက် ကံကောင်းခြင်းပဲပြောရမလား .. သူ့ကို အဆောင်ရှေ့ ၀ရံတာမှာ တွေ့လိုက်ရတယ်။
“ဟေ့ .. အောက်ဆင်းခဲ့ပါလား . စကားပြောချင်လို့”
မချစ်တတ်ခဲ့သူ့ရဲ့ ရင်ထဲက စကားလုံးတွေကတော့ ခပ်ပြင်းပြင်း ထွက်ကျလာတယ် ..
“ဘယ်သူ့ကို ပြောတာလဲ” .. ပထမဆုံး ပြောထွက်လာတဲ့ ချစ်သူ့ရဲ့ သံစဉ် ......
“မင်း ကိုပြောတာပေါ့” အားတက်သရော ခပ်ရဲရဲ အပြော ..
“ဒီ အဆောင်မှာ မင်း ဆိုတာ မရှိဘူး” ချစ်သူရဲ့ လှောင်ပြောင်စကား .. ဒါပေမယ့်
ရင်ထဲကို အပျော်တချို့ စီးဝင်သွားလေရဲ့ ..
“မရှိလဲ .. ရှိတဲ့လူ ဆင်းခဲ့ကွာ” ရွဲ့တတ်တဲ့ အကျင့်က မပျောက်လေတော့ ..
မြှားနတ်မောင်ကပဲ တာဝန်ကျေလို့လား .. သူ ကပဲ ကိုယ့် ထက် ရွဲ့တတ်လေလို့လား
အဆောင်ရှေ့ တံခါးဆီကို ဆင်းလို့လာလေရဲ့ ..
ကိုယ့်စကားနဲ့ကိုယ် သူကဆင်းလာတော့ ကိုယ်က ဘာမှ မပြောရဲ .. မပြောတတ် ..
“နာမည် ဘယ်လိုခေါ်လဲ .. ဘယ်မှာနေတာလဲ ..” ထုံးစံအတိုင်း နုံအအ စကားတချို့ ..
“You ကရော” .. အဖြေမပေးချင်သူတို့ရဲ့ တန်ပြန်မေးခွန်း ..
“ကို့ နာမည် ကောင်းခန့်ဇျာန် ပါ .. ဒုတိယနှစ် ရသစာပေ .. န၀င်း(၂)လမ်းထဲက အဆောင်မှာ နေတယ် ..”
ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာတယ်ပဲ ပြောရမလား .. အချစ်မိုးကြီး ရွာသွန်းဖြိုးတော့သည် ပဲ ဆိုရမလား .. စကားလေးမှ မပြောရသေးခင် မိုးကရွာလေပြီ ...
“မိုးက ရွာလာပြီ . ပြန်တက်တော့မယ် .. You လည်းပြန်တော့”
ပြောလည်းပြော .. ပြေးလည်းပြေးထွက်သွားတဲ့ ချစ်သူကို ကြည့်ရင်း ကျွန်တော်တစ်ယောက်တည်း အဆောင်တံခါးရှေ့မှာ မိုးရွာထဲ မတ်တပ်ရပ်လျက် ...
“ဟေ့ လူကြီး .. မိုးမိပြီး ဖျားနေဦးမယ် ပြန်တော့” တကယ်ပဲ စိုးရိမ်လို့လား .. မြင်ပဲ မမြင်ချင်တော့လို့လားမသိ .. အဆောင်ဝရံတာကနေ လှမ်းအော်သည်။
“နာမည်ပြောရင် ပြန်မယ်” မိုးမိလက်စနှင့် မထူးတော့ပြီမို့ ပေကပ်ပြီး ရပ်နေမိသည်။
“နောက်နေ့ တွေ့တော့ ပြောမယ်” .. “မရဘူး .. ဒီည မပြောရင် မပြန်ဘူး”
ညနေ (၆)နာရီကတည်းက မိုးရွာထဲ ရပ်နေမိတာ .. အခု ည(၈)နာရီထိုးလေပြီ ..
ဒီလောက်ထိ ဇွဲကောင်းပြီး .. ပေကပ်ကပ်နိုင်တဲ့ ကိုယ့်ကိုယ်ကို အံသြမိတယ် ။
“ကုလားကားတော့ ရိုက်နေပြီဟေ့ ” “သနားပါတယ်ကွယ်” “ဇွဲဆုတော့ ပေးသင့်နေပြီ”
အဆောင်မှာရှိတဲ့ သူ့သူငယ်ချင်းတွေက တစ်ယောက်တစ်မျိုး ၀ိုင်းထည့်နေကြပါတယ်။
ခဏကြာတော့ သူ အောက်ကို ပြန်ဆင်းလာတယ် .. လက်ထဲမှာ ထီးတစ်ချောင်းနဲ့ ..
“ဘယ်အချိန်ထိ ရပ်နေမှာလဲ” “နာမည်မပြောမချင်း” “အဲဒါဆိုလည်း ထီးဆောင်းထား ဒီညပြောဖို့ အစီအစဉ်မရှိဘူး .. နောက်နေ့ တွေ့ရင်ပြောမယ်” “ကိစ္စမရှိဘူး ဒီအတိုင်းပဲ နေမယ်” “ဒါဆိုလည်း သဘောပဲ” ပြောပြောဆိုဆို ပြန်တက်သွားတော့တယ်။
ခဏနေ ပြန်ဆင်းလာပြန်တယ် .. “ရော့ တစ်ယောက်တည်း ပျင်းနေမှာဆိုးလို့ သီချင်းနားထောင်” သူ့ရဲ့ Walkman ကက်ဆက်လေး လာပေးတယ်။
“ရပါတယ် .. နာမည်ပဲ သိချင်တာ” ကျွန်တော်လည်း ပေလက်စ .. ဆက်ပေလေပြီ။
ဒုတိယအကြိမ် ပြန်တက်သွားပြီး .. မကြာခင် ပြန်ဆင်းလာပါတယ် ..
“မနက်ဖြန် နံနက်(၇)နာရီလောက် .. မနက်က လက်ဖက်ရည်ဆိုင်က စောင့်နေ .. အဲဒီတော့မှ ပြောမယ် .. ပြန်တော့ .. မဟုတ်ရင် စိတ်ဆိုးတော့မယ် . နောက်တစ်ခါ မတွေ့တော့ဘူး” ချစ်သူရဲ့ တိကျပြတ်သားတဲ့ အမိန့်ကို ကျွန်တော် မလွန်ဆန်ရဲတော့ .. အချိန်ကလည်း တော်တော်လွန်နေပြီမို့ .. ကျွန်တော်ပဲ အရှုံးပေး နှုတ်ဆက်လို့ အဆောင်ကို ပြန်ခဲ့ရပါတော့တယ် ..

အခန်း(၃)... ဗရုပ်ဗရက် နေ့ရက်များ

“ဟာ”
အိပ်ယာကနိုးနိုးချင်း နာရီကြည့်မိတော့ ..
အချိန်က (၈)နာရီ ထိုးနေပြီ .. ချစ်သူက ချိန်းတာက (၇)နာရီ .. (သိပ်တော့ မကွာပါဘူး)
ဟာ . တစ်လုံးပဲ အော်နိုင်တယ် .. အရေးပေါ် နောက်ဖေးသွား .. အမြန်ဆုံး မျက်နှာသစ် .. ရေတောင် မချိုးနိုင် .. ဒီကြားထဲ သူငယ်ချင်းတွေက အတူ လက်ဖက်ရည်ဆိုင် သွားမယ်ဆိုလို့ ခဏစောင့်ရသေး .. တော်သေးတာက ဆိုင်က ကိုယ်နေတဲ့ လမ်းထိပ်တင်ဆိုတော့ အဆောင်နဲ့က နီးနီးလေး ..
ဆိုင်ကိုရောက်တော့ (၈)နာရီခွဲ .. ချစ်သူကို ရှာမိသည် .. ဟော . တွေ့ပါပြီဗျာ .
တော်ပါသေးသည် .. ရှိနေသေးလို့ .....
သို့သော် ..... ကျွန်တော့်ကို တွေ့တာနဲ့ သူက ဆိုင်ထဲကနေ ထ ထွက်သွားလေပြီ ..
ပိုက်ဆံရှင်းပြီး ထိုင်စောင့်နေပုံရတယ် ..
ကျွန်တော်ကလည်း ကျွန်တော်ပါပဲ အချိန်တော်တော် လွန်သွားတာကိုး ..
ကိုယ့်အမှားနဲ့ကိုယ် .. ပြီးတော့ သူက စက်ဘီးနဲ့ ကိုယ်က ခြေကျင် .. ဘယ်လိုမှ မလိုက်သာတော့ .. ဗိုက်ကလည်း ဆာပြီမို့ သူငယ်ချင်းတွေနဲ့ပဲ ဆိုင်မှာ ဆက်ထိုင်ဖြစ်သည်။
အဲဒီညမှာမှ သူ့အဆောင်ကို ထပ်ရောက်ဖြစ်သည်။
ရောက်ရောက်ချင်း သူနဲ့ မတွေ့ရသေး .. အဲဒီအဆောင်မှာ ရှိနေတဲ့ ကျွန်တော့် သူငယ်ချင်းရဲ့ ပြောပြချက်အရ သူ့နာမည်ကို သိလိုက်ရတယ် ..
“ယဉ်ယဉ်” တဲ့ .. တကယ်ကို ယဉ်ယဉ်လေးနဲ့ ရူးစေခဲ့ပါတယ် ..
သူငယ်ချင်းနဲ့ စကားပြောနေတုန်း သူ ရောက်လာပါတယ် ..
“မနက်ဖြန်(၇)နာရီ လက်ဖက်ရည်ဆိုင်ကပဲ စောင့်ပေးပါ” ဒါပဲပြောပြီး ထွက်သွားလေပြီ။
ကိုယ့်အပြစ်နဲ့ ကိုယ်မို့ ဘာမှကို ထပ်ပြီး မတောင်းဆိုရဲ .. ချစ်သူအမိန့် မလွန်ဆန်ဝံ့ဘူးပေါ့။
ချစ်သူရဲ့ နာမည်ကို သိခဲ့ရပြီမို့ ကျေနပ်စွာနဲ့ပဲ အဆောင်ကို စောစောပြန်ခဲ့ပါတော့တယ်။

ဒီည ..
စောစောအိပ်ဖို့ စိတ်ကူးထားသည် ..
သတိရှိစွာ နာရီကိုနိုးစက်ပေးထားသည် ..
ဝီရိယထည့်ပေါင်းပြီး မနက်(၅)နာရီလောက် နှိုးစက်ပေးလိုက်သည်။
သို့သော် ..
သူငယ်ချင်းများ၏ နှောက်ယှက်မှုကြောင်း အိမ်ယာဝင်ချိန် နောက်ကျရပြန်ပါသည်။
ထို့ကြောင့် ...
အိပ်ယာနိုးတဲ့အချိန်က မနက်(၈)နာရီ ..
မျက်နှာပင်မသစ် .. ဘယ်သူ့ကိုမှလည်း မစောင့်တော့ တစ်ယောက်တည်း လက်ဖက်ရည်ဆိုင်ကို ပြေးရပါ တော့သည် ....
ထုံးစံမပျက် ..
သူ .. ကျွန်တော့်ကို ထိုင်စောင့်နေသေးသည် .. ကျွန်တော်ကို မြင်မှ ထပြန်သွားသည်။
ကျွန်တော်တစ်ယောက်တည်း ..
လမ်းထိပ်မှာပင် စိတ်ပျက်လက်ပျက် .. ဒေါသထွက်လျက် ..
ဘယ်သူ့ကိုလဲ ..
သူငယ်ချင်းတွေကို ထွက်ရမှာလား .. ကိုယ့်ကိုယ်ကို လား .. နာရီ နှိုးစက်ကိုလား ...
နောက်ဆုံးတော့ ကိုယ့်အမှား ကိုယ်ဖြေရင်း .. အိမ်ပြန်ရေချိုး အ၀တ်အစားလဲပြီး .. ကျောင်းထဲမှာ သူ့ကို လိုက်ရှာဖို့ ထွက်ခဲ့ပါတယ် .. သူ့ဆီက နာမည်မေးဖို့ မဟုတ်တော့ .. စာမေးပွဲပြီးလို့ အိမ်ပြန်ရတော့မှာမို့ နှုတ်ဆက်ရန်သာ။ နောက်တွေ့ခွင့်ရဖို့လည်း မမျှော်လင့်ရဲတော့ ..

အခန်း(၄)... ကုန်လွန်ခဲသော နေ့ရက်များ

စက်ဘီးရယ် .. အသုံးအဆောင်တချို့ရယ်က ကားကြုံနဲ့ အိမ်ကို ပြန်ပို့ပြီးပြီမို့ ခြေကျင်တလှည့် ကုန်းကြောင်းတစ်လှည့် လှမ်းလျှောက်တစ်ဖုံ .. အမျိုးစုံအောင် သွားရင်းလာရင်း သူ့ကို ရှာမိပါသည် ..
တစ်နေရာအရောက် .. သူနဲ့ ဆုံမိခိုက် .. “ဟိတ်” .. မရဲတရဲ လှမ်းအော်ဖြစ်သည်။
ကျွန်တော့်ကို လွန်ထွက်သွားပြီးမှ စက်ဘီးကိုရပ်ကာ ပြန်လှည့်လာသည် ..
“ဘာလုပ်မလို့လဲ” မေးလာတဲ့ မေးခွန်းကို ဖြေရန် အဖြေမရှိ ..
“ကားလက်မှတ်သွားဝယ်မလို့ .. စက်ဘီးခဏငှားပါလား ” အကြောင်းမရှိ အကြောင်းရှာစကား။ “မနက်ဖြန် အိမ်ပြန်တော့မလို့” အားမရှိသလို ပြောမိပါသည်။
“နောက် ၃ ရက်ထပ်နေပေးလို့ရမလား .. တန်ဆောင်မုန်းလပြည့်နေ့ မနက်(၆)နာရီ လက်ဖက်ရည်ဆိုင်ကပဲစောင့်ပေး .. စက်ဘီးကို သင်္ချာဌာနရှေ့ကို လာပို့ပေး” ချစ်သူက ကိုယ့်ကို စိတ်မဆိုးဘူးဆိုတာ သိလိုက်ရတော့ ၀မ်းသာသွားတယ် .. ချက်ချင်းပဲ သဘောတူကြောင်း ခေါင်းညိမ့်မိတယ်။
ကားလက်မှတ်ဝယ်ပြီး စက်ဘီးပြန်ပေးဖို့ သင်္ချာဌာနရှေ့ကိုရောက်တော့ သူ့ကို အဆင်သင့်ပင်တွေ့ရတယ် .. သူ့ သူငယ်ချင်းတွေနဲ့လည်း ရင်းရင်းနှီးနှီး ၀င်ပြီး စကားပြောဖြစ်တယ် ... သူ က ဒီနှစ်မှ သင်္ချာ ပထမနှစ် Day ကျောင်းသူ၊
ကျွန်တော်က အဝေးသင် .. ကျွန်တော်တို့ စာမေးပွဲပြီးချိန်မှ သူ နှင့် ဆုံရသည်။
တိုတောင်း တိုက်ဆိုင်လွန်းတဲ့ အချိန်ရယ် ...
ညရောက်လို့ သူ့အဆောင်ကို သွားတဲ့ အချိန်မှာတော့ .. ညနေကတည်းက သူ အိမ်ပြန်သွားကြောင်း သိလိုက်ရပါတယ် .. ကျွန်တော်တို့ ချိန်းထားတဲ့နေ့ရောက်ဖို့က ကြားထဲမှာ ၂ ရက်တောင် ကျန်သေးသည် .. နောက်ညတွေ အဆောင်ကို သွားမေးတော့ ပြန်မလာသေး တဲ့ ... တန်ဆောင်မုန်းလပြည့်နေ့ကို သူပြန်လာပါ့မလား ...
နေ့ရက်တွေရယ် .. မြန်မြန်ကုန်လွန်ပါစေတော့ .....

အခန်း(၅)... ပျော်ရွှင်ဖွယ်နေ့ရက် (သို့) တန်ဆောင်မုန်းလပြည့်နေ့

ဒီတစ်ခါတော့ ဘယ်လိုနည်းနဲ့မှ အလွဲမခံနိုင်တော့ . အိပ်လို့လည်းမရ .. သူငယ်ချင်းတွေကလည်း သူ့တို့ အစီအစဉ်နဲ့သူတို့ လပြည့်နေ့မှာ ဘုရားသွားဖို့ နိုးနေကြပြီဆိုတော့ .. မနက်(၅)နာရီလောက်ကတည်းက အိမ်ယာကထ .. ရေချိုး . အ၀တ်အစားလဲပြီး သူနဲ့ ချိန်းထားတဲ့ နေရာကို ထွက်လာမိတယ် ... သူငယ်ချင်းတွေက အတူလိုက်ဖို့ ခေါ်ပေမယ့်လည်း အကြောင်းမျိုးစုံပြပြီး ငြင်းလိုက်တယ် ..
သူနဲ့ ချိန်းထားတဲ့ ဆိုင်ရှေ့ကိုရောက်တော့ ... ၀မ်းနည်းခြင်းကို စတင်ခံစားလိုက်ရပါတယ် ..
“လပြည့်နေ့ ဆိုင်ပိတ်သည်” ဆိုတဲ့ ဆိုင်းဘုတ်ကလေးကပဲ ဆီးကြိုနေလို့ပါ။
ညကအထိ အဆောင်ကို ပြန်မလာသေးဘူးဆိုတော့ ဒီနေ့ မနက်စောစော သူဘယ်လိုမှ ပြန်မရောက်နိုင် .. ဝေးရပြီပေါ့ကွယ် .. မနက်ဖြန်ဆို ကျွန်တော် အိမ်ပြန်ရတော့မယ် ..
ဘယ်ရပ် .. ဘယ်ဌာနေ .. ဘယ်မြို့မှာ နေမှန်းမသိ ... ကျောင်းကလည်း သူပိတ်ကိုယ်ဖွင့် .. ကိုယ်ပြန်ချိန် သူရောက် ဆိုသလိုမျိုး တလွဲတွေ ...
မထူးတော့ပြီမို့ နောက်ကလိုက်လာတဲ့ သူငယ်ချင်းတွေနဲ့ပဲ ဘုရားလိုက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ် ..
ဒါပေမယ့် လည်း . . . .
ကျွန်တော့် နှလုံးသွေးတို့ ရပ်တန့်သွားမလား ထင်ရလောက်အောင်ပါပဲ ..
သူ ....
ချစ်သူ ...
လမ်းထိပ်ကနေ ကျွန်တော့ကို စောင့်နေပါလား ..
အရမ်းကို ချစ်မိသွားပြီ ချစ်သူရယ် ... ပထမဆုံးအနေနဲ့ အရူးအမူးချစ်ခဲ့မိသူပါကွာ ..
“ဆိုင်ပိတ်ထားလို့ မလာတော့ဘူးလားလို့”
“အင်း .. အဲဒါကြောင့် ယဉ် လမ်းထိပ်ကပဲ စောင့်နေတာ” ..
သူ့ကိုယ်သူ နာမ်စားသုံးတာက “ယဉ်” တဲ့ .. ယဉ်ယဉ်လေးနဲ့ ရူးစေပြန်ပြီကွာ
“မနက်(၅)နာရီကျော်ကျော်ကတည်းက ရောက်နေတာ.. မြို့ကထွက်တဲ့ ဈေးကားနဲ့ လိုက်လာတာ .. ဒီကောင်မ ဒီအချိန် အိပ်ယာထတာ ဒီတစ်ခါပဲ ရှိသေးတယ်.. အိပ်ပုတ်မ”
အဖော်ပါလာသူ တစ်မြို့တည်းနေ သူ့ သူငယ်ချင်းက ၀င်ကြပ်လေပြီ ..
“သူငယ်ချင်းတွေနဲ့ ချိန်းထားသေးတယ် .. ဘာစားပြီးလဲ” ရှက်ပြုံးနဲ့သူ့အပြော
“မစားရသေးဘူး” “ဟိုနားက ဆိုင်ကပဲ စားရင်း သွားစောင့်မယ်လေ”
ချစ်သူကိုတွေ့တော့ သူငယ်ချင်းတွေကို မလိုက်တော့ဘူး လုပ်ရပြန်ရော ..
သူ့နဲ့အတူ ပထမဆုံးအကြိမ် ဆိုင်ထိုင်ဖူးခြင်းဆိုတော့ ဘာမှာလို့ မှာစားရမှန်းမသိတော့
အပျော်တွေနဲ့တင် ရင်ပြည့်နေပြီ .. မထူးတော့ပြီမို့ ကောက်ညှင်းဆီထမင်း တစ်ပွဲ မှာလိုက်သည်။ သူကတော့ ဘာမှ မှာမထား။ ကျွန်တော်စားနေသည့် ကောက်ညှင်းကို အတူနှိုက်စားသည်။ ကျွန်တော် အံ့သြသွားသည်။ ရင်ထဲမှာ တစ်မျိုးလည်း ခံစားလိုက်ရသည်။
“ယဉ်” မရဲတရဲ ခေါ်ကြည့်သည်။ “ကောက်ညှင်း အသစ်တစ်ပွဲ မှာလိုက်ပါလား”
“ဘာဖြစ်လို့လဲ .. ရွံလို့လား” ချစ်သူက စိတ်ဆိုးသလို ပြောလာပြန်တော့
ကျွန်တော့်မှာ ပြာပြာသလဲ .. “မဟုတ်ပါဘူး .. ကို စားနေတာကို နှိုက်စားတော့ ယဥ့်ကို အားနာလို့ပါ”
“ရတယ် .. ဒါပဲစားချင်လို့” ချစ်သူရဲ့ စကားကြောင့် ပီတိဖြစ်မိပါသည်။
မကြာခင် သူ့ သူငယ်ချင်းတွေရောက်လာတော့ သူငယ်ချင်းအားလုံးနဲ့ မိတ်ဆက်ပေးသည်။ သူငယ်ချင်းတွေက ကျွန်တော့်ကို ထူးဆန်းတဲ့ အကြည့်တွေနဲ့။
သူတို့ အဖွဲ့နဲ့အတူ သူနေထိုင်ရာ ရွှေတောင်မြို့ကို ရောက်ခဲ့ပါပြီ ... သူ့ သူငယ်ချင်း တစ်ယောက်ရဲ့ မွေးနေ့ပွဲ .. ပြီးတော့ ရွှေတောင်မြို့ ရဲ့ ကျက်သရေဆောင် ရွှေမျက်မှန် ဘုရား၊ ဘုရားမှာ အတူဦးခိုက်ရင်း ရင်ထဲက ဆန္ဒတွေကို ဆုတောင်းမိပါတယ် ...
ရွှေမျက်မှန်ဘုရားဝန်းထဲက ဘုရားတွေလျှောက်ဖူးရင်း ရုပ်ပွားတော်တစ်ဆူက နည်းနည်းလေး ရှေ့ကို ငိုက်ကျနေတာမြင်တော့ .. တစ်ခုခုအကြောင်းကြောင့် ဖြစ်နေတာလား သိချင်တာနဲ့ .. “အဲဒီဘုရားလေးက ဘာဖြစ်လို့ ရှေ့ကို ငိုက်နေတာလဲ”
“ဘုရား အိပ်ချင်လို့နေမှာပေါ့” ကပ်သီးကပ်သပ် ပြောတတ်တဲ့ ချစ်သူရဲ့ စကားကိုကြားတော့ .. “ဟာ . ဒီကောင်မလေး ဘုရားကို” ဆိုပြီး သူ့ခေါင်းကို ခပ်ဖွဖွလေး ပုတ်လိုက်ပါတယ် .. “ဟာ .. တယ်လက်သွက်ပါလား မလွယ်ဘူး” ဆိုပြီး အပြုံးနဲ့ ပြန်ပြောတော့ .. “ဆောရီး .. နောက်မဖြစ်စေရပါဘူး” အပျော်နဲ့အတူ ကတိပေးစကား ပြောမိပြန်တယ် .. အဲဒီအချိန်ကစလို့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ကြားထဲမှာ ရင်းနှီးမှု တစ်ခုကို ရရှိလိုက်ပါတယ် .....
ရွှေမျက်မှန်ဘုရားကအပြန် သူ့အိမ်ကိုဝင်ဖို့ပြောတော့ “နောက်မှ” ဆိုတဲ့ စကားတစ်ခွန်းနဲ့ ကျွန်တော် ငြင်းလိုက်မိတယ် .. ကျွန်တော့်မှာ အဲဒီလောက် သတ္တိမရှိ။
ရွှေနတ်တောင်ဘုရားကို မြင်းလှည်းတစ်စီးငှားပြီး သူ့ သူငယ်ချင်းတွေနဲ့အတူ စားစရာ အစုံအလင်နဲ့ ရောက်သွားခဲ့တယ် ..
နေ့လည် ထမင်းစားချိန်ရောက်တော့ .. ဇရပ်တစ်ခုမှာ အကုန်စုပြီး စားဖြစ်တယ် .. သူ့သူငယ်ချင်းတွေ ကြားထဲမှာ လူစိမ်းဆိုလို့ ကျွန်တော် တစ်ယောက်သာ .. ဒါပေမယ့် သူ့ သူငယ်ချင်းတွေရဲ့ ဖော်ရွေ ရင်းနှီးစွာ ဆက်ဆံမှုကြောင့် ကျွန်တော့်အတွက် အဆင်ပြေပါသည်။ နေ့လည်စာ စားရင်း သူငယ်ချင်းတွေအပေါ် သူ့ရဲ့ အနိုင်ယူမှုတွေကို တွေ့ရတယ် .. ဒါပေမယ့်  .. ကျွန်တော့်အပေါ်မှာ သူအရမ်း ဂရုတစိုက်ရှိနေတယ် ။ သူ့ သူငယ်ချင်းတွေရဲ့ ပန်းကန်ထဲက ငုံးဥပြုတ်တွေ .. အသားဖတ်တွေကို လိုက်နှိုက်ရင်း သူငယ်ချင်းတွေကို စတတ်သလို .. အဲဒါတွေ ကျွန်တော့်ပန်းကန်ထဲ ရောက်လာအောင်လည်း သူလုပ်တတ်တယ် ... သူငယ်ချင်းတွေအားလုံးက သူ့ကို အစားပုတ်မ လို့ခေါ်တော့ ..
မကျေနပ်တဲ့ လေသံနဲ့ “နင်တို့တွေ အခုငါဘာစားနေလဲ သိလို့လား ”.. ဆိုပြီး မေးခွန်းထုတ်လာပါတယ် ။
သူငယ်ချင်းအားလုံးက သူခေါက်ဆွဲကြော်စားနေတာမြင်တော့ .. “ခေါက်ဆွဲကြော် စားနေတာမလား” .. “မဟုတ်ဘူး”
“ခင်ဗျားရော သိလား” ကျွန်တော့်ဖက် မျှားဦးလှည့်လာသည်။ “အင်း .. ခေါက်ဆွဲကြော်ထဲမှာပါတဲ့ အသီအရွက်တွေပဲ စားနေတာ” ။ ချစ်သူပြုံးသွားသည် “ဘယ်လိုလုပ် သိလဲ” .. “သိတာပေါ့ .. ကြည့်နေတာကိုး” ... သူ့ ရင်ထဲက ကြည်နူးမှုတွေကို ကျွန်တော် တွေ့လိုက်ရသလို .. ကျွန်တော် ကိုယ်တိုင်လည်း ကြည်နူးမိပါသည်။
စားလို့ပြီးတော့ ရွှေနတ်တောင်စေတီတစ်ဝိုက် လျှောက်ပြီးသွားတော့ .. သူက ကျွန်တော့် နံဘေးက ကပ်လျက် လိုက်လာပါတယ် .. သူ့ သူငယ်ချင်းကောင်လေးတွေ ဘောလုံးကန်ရင်း ကျွန်တော့ဆီရောက်လာလို့ ဘောလုံးကို လိုက်ကန်အပေး .. သူ့ အဝေးကို ရောက်သွားတော့ .. စိတ်ဆိုးပြီး ရပ်လျက်ကနေ .. “ခင်ဗျား အရိပ်ကို ခိုပြီးလိုက်တာ မကြိုက်လို့လား” တဲ့ .. “ဆောရီး .. တစ်သက်လုံး ခိုနားခွင့်ရှိပါတယ်” .. ဒုတိယအကြိမ် ဆောရီး လုပ်မိပါသည်။
မဟာမြတ်မုနိရုပ်ပွားတော်မှာ နှစ်ယောက်တည်း ဦးခိုက်ပူဇော်ပြီးတော့ .. “ရှေ့က ဘုရားကို သွားရအောင် .. အဲဒီဘုရားက ဆုတောင်းပြည့်တယ် .. ချစ်သူတွေ အတူတူ ၃ ပတ်ပတ်ပြီး ဆုတောင်းရင် .. ပြည့်တယ်တဲ့” .. သူ့ စကားအတိုင်း ကျွန်တော်တို့နှစ်ယောက် ဘုရားကို ၃ ပတ်ပတ် .. “ချစ်သူနဲ့အတူ နေရပါလို၏” လို့ပဲ ဆုတောင်းမိပါတယ်. . .. သူ့ရင်ထဲက ဆုတောင်းစကားကိုတော့ ကျွန်တော် မေးမကြည့်မိပါဘူး ...
ညနေစောင်းတော့ ကျွန်တော်လည်း ပြန်ရတော့မှာမို့ ဘုရားကနေ ပြန်လာခဲ့ကြပါတယ် ... နောက်တစ်နေ့မှာ သူ နဲ့ ဝေးရာကို သွားရမှာမို့ အပြန်ခရီးလမ်းက ကျွန်တော့်အတွက် ခြောက်ကပ်လို့နေပါတယ် ..
တွေ့ဆုံချိန်တွေက နည်းလွန်းပေမယ့်လည်း .. ဝေးနေရချိန်က များနေဦးမှာပါလား ....

အခန်း(၆)... အမှတ်တယ သင်္ကြန် (သို့) မေ့မရသော ၂၀၀၂ သင်္ကြန်

တန်ခူး .. သင်္ကြန် . ရောက်ခဲ့ပြန်ပါပြီ ...
သူနဲ့ တွေ့ဆုံချိန်ကနေ ဒီသင်္ကြန်ထိ (၅)လလောက် ကွာဝေးပါတယ် .. ဒီကြားထဲမှာ သူ့ဆီကို ၂ ခေါက်လောက်သာ ရောက်ဖြစ်ပြီး အေးဆေးရယ်လို့လည်း စကားမပြောဖြစ်ခဲ့ပါဘူး .. ချစ်သူကို သတိရတာမှန်ပေမယ့်လည်း ကွာဝေးလွန်းတဲ့ ခရီးကြောင့် မရောက်ဖြစ်ခဲ့တာပါ .. . ..။
ဒီသင်္ကြန်မှာတော့ သူ့ကို ချစ်တဲ့ အကြောင်း ဖွင့်ပြောမယ်ဆိုတဲ့ စိတ်ကူးနဲ့အတူ သင်္ကြန်ရက်ကို စောင့်ရင်း ရူးနေခဲ့တာပါ။
( သင်္ကြန်အကြိုနေ့ )
ချစ်သူဆီ တက်ကြွတဲ့ ခြေလှမ်းတွေကို စတင်ခဲ့ပါတယ် .. အဲဒီနေ့က ညနေစောင်းမှ ရောက်လို့ တည်းခိုခန်းမှာပဲ ညအိပ်လိုက်ပါတယ် ...
( သင်္ကြန်အကျနေ့ )
မနက်စောစောထ သူတို့မြို့ကိုသွားတဲ့ ကားဂိတ်မှာ ကားစောင့်ရင်း ပိတောက်ပန်း ရောင်းတဲ့လူတွေ့တာနဲ့ ပန်းတစ်ခိုင်ဝယ်လိုက်တယ် .. ချစ်သူကို သင်္ကြန်မှာ ပိတောက်နဲ့အတူ တွေ့ချင်တဲ့ စိတ်ကြောင့်ပါ ။
သူ့ အိမ်ရှေ့ရောက်တော့ .. သူတို့ သူငယ်ချင်းတွေ စုပြီး ဆောက်ထားတဲ့ မဏ္ဍပ် .. တင်ထားနဲ့ နဖူးဆီးက “အမှတ်တယ” တဲ့
စာလုံးပေါင်းမှားနေပါလားလို့ .. သတိပေးတော့ .. အမှတ်တရ ဖြစ်အောင် တမင် ပေးထားတာတဲ့ .. ကောင်းပေစွ။
ပါလာတဲ့ ပိတောက်ပန်း ကို ပေးတော့ .. “ဘာလုပ်ဖို့လဲ” .. “ယဉ် ပန်ဖို့လေ” .. “ယဉ် ပန်းပန်တာ မြင်ဖူးလို့လား” .. မှန်ပါ၏ . ချစ်သူရဲ့ ခေါင်းထက်မှာ တစ်ခါမှ ပန်းတစ်ပွင့်ကို မတွေ့ခဲ့ရ ... “ယဉ် သဘောအတိုင်းပါ .. ယဉ် အတွက် ရည်မှန်းပြီး ၀ယ်လာတာ .. ကြိုက်သလို လုပ်ခွင့်ရှိပါတယ်” “ဒါဆိုရင် ဒီပန်းတွေကို ခြွေပစ်လိုက်မယ်” .. ပြောလည်း ပြော .. လက်ကလည်း ပန်းတွေကို ရေကစားမယ့် တိုင်ကီထဲ ခြွေချနေတာတွေ့ရတော့ .. ကျွန်တော့် အသည်းတွေ ဖဲ့ခြွေနေသလိုပါပဲ ...
“ယဉ်ယဉ် .. ငါ့ကို ဓါတ်ပုံ ပြန်ပေးဟာ” ဘေးနားက ကြားလိုက်ရတဲ့ စကားသံကြောင့် လှည့်ကြည့်မိတော့ သူနဲ့ရွယ်တူ ကောင်းလေးတစ်ယောက် .. ဒါပေမယ့် သူ့ သူငယ်ချင်းမဟုတ်။ “ဘာလို့ ပေးရမှာလဲ . ငါ့ဓါတ်ပုံ ငါပြန်ယူတာပဲ” ချစ်သူရဲ့ နှုတ်က ပြောလိုက်တဲ့စကား။ ကျွန်တော့်အတွက် အဖြေရှာမရတဲ့ စကား။ အဲဒီအချိန်မှာ သူ ကျွန်တော့် လက်မောင်းကို လက်ချိတ်ထားတယ် .. လာရစ်တဲ့ တစ်ယောက်ကတော့ မကျေနပ်တဲ့ အကြည့်တွေနဲ့ ကြည့်သွားလေရဲ့ . . .။
“အလကားပါ .. ယဉ်ဓါတ်ပုံကို သူ ခိုးရိုက်ပြီး တော့ .. ဟိုနေ့က လာကြွားနေလို့ ပြန်ယူထားလိုက်တာ .. ဘာလို့ ငြိမ်နေတာလဲ .. ဒါငါ့ချစ်သူကွ ဆိုပြီး ၀င်ပြောပါလား ...” ချစ်သူ့ စကားကြားလိုက်ရတော့ ကျွန်တော့် နှလုံးသွေးတို့ .. တဒင်္ဂ ရပ်တန့်သွားလေသလား ... ပိုမို ဆူပွက်လာလေသလားပင် မပြောတတ်တော့ ... ခုချိန်ထိ .. ချစ်တယ် ဆိုတဲ့ စကားတစ်ခွန်းကို ကျွန်တော့် နှုတ်က ပြောမထွက် .. ဘာကြောင့်မှန်းမသိ ..“ ချစ်နေရရင်ပြီးရော ဘေဘီ .. လွမ်းနေရရင်လည်း ငါလေကျေနပ်တယ် ” ဆိုတဲ့ သီချင်းလိုဖြစ်နေသည်။ “သတ္တိတွေ ကို့မှာ မရှိတော့ဘူး” လို အော်ရမလို ဖြစ်နေသည်။ မိန်းကလေးတစ်ယောက်ကို ချစ်တယ်လို့ ပြောဖို့ ဘာဖြစ်လို့ အဲဒီလောက် အင်အားတွေ လိုနေတာလဲ ...
သူများတွေအတွက် အလွယ်တကူ ပြောလို့ ထွက်နေတဲ့ စကားတစ်ခွန်း .. ကျွန်တော့်အတွက် ဘာလို့ ဆွံ့အ စေရတာလဲ ။
မလာခင်ကတည်းက စိတ်ကူးယဉ်ခဲ့တဲ့ အခြေအနေ .. အခု လက်တွေ့မှာ ကျွန်တော် ပြောလို့မထွက် ..
ကိုယ့်ကိုယ်ကို ဒေါသထွက်မိသည် .. မကျေမနပ်ဖြစ်မိသည်။ အဲဒီတစ်နေ့လုံး ချစ်သူကို ထိုင်ကြည့်နေရုံကလွဲပြီး .. ကျွန်တော် ထိုင်ရာမှပင် မထဖြစ်ခဲ့။
( သင်္ကြန် အကြတ်နေ့ )
“သူများပျော်လို့ မပျော်နိုင် ရည်စားပျောက်လို့ မှိုင်” အိမ်ရှေ့ကနေ ဖြတ်သွားနေတဲ့ ရေပတ်ခံကားပေါ်က သူတွေရဲ့ ကျွန်တော့် ကို လှောင်ပြောင်သံ .. မနက် မဏ္ဍပ်ကို ရောက်ကတည်းက ထိုင်ရာမထ ဖြစ်နေတဲ့ ကျွန်တော့်ကို သူ့ သူငယ်ချင်းတွေကအစ အမျိုးမျိုး စနောက်နေကြပြီ .. ကျွန်တော် . ရေကစားဖို့ လာတာမဟုတ်သလို . ရေကစားချင်စိတ်လည်းမရှိ .... ကျွန်တော့် ရည်ရွယ်ချက်က ချစ်သူကို ကြည့်နေရုံလေးသာ... ချစ်သူကို ချစ်တဲ့အကြောင်းပြောဖို့ပင် အားမရှိ။
( သင်္ကြန် အတက်နေ့ )
“ဒီနေ့ ယဉ်တို့တွေ မြို့ထဲက မဏ္ဍပ်မှာ ရေသွားကစားမလို့ .. ခွင့်ပြုပေးပါ” ရောက်ရောက်ချင်း ချစ်သူဆီက ခွင့်တောင်းစကား .. ကျွန်တော့မှာ ငြင်းပယ်ဖို့ အားမရှိ .. ငြင်းခွင့်လည်းမရှိ ။ “ယဉ် မောင်လေးနဲ့ သူ့ သူငယ်ချင်းတွေလည်း ကားနဲ့ လျှောက်လည်လိမ့်မယ် .. ကလေးတွေကို ထိန်းဖို့ လိုက်သွားပေးလို့ရမလား” ဒုတိယအကြိမ် တောင်းဆိုမှု .. “ကိုကြီးယောက်ဖ .. လိုက်ခဲ့ပေးပါ ။ အစ်ကိုပါမှ ကျွန်တော်တို့ သွားရမယ်ဆိုလို့” ကလေးတွေရဲ့ စရင်းနောက်ရင်း တောင်းဆိုမှုကြောင့် ကျွန်တော် မငြင်းသာ .. အဲဒီလိုနဲ့ ချစ်သူက မြို့ထဲက မဏ္ဍပ်မှာ ရေကစား .. ကျွန်တော်က ကားတစ်စီးနဲ့ လျှောက်လည် .. ကားပေါ်မှာ ထိုင်နေရပေမယ့် ကျွန်တော့် စိတ်တို့က သူ့ဆီမှာ .. ပြီးတော့ မနက်ဖြန် ကျွန်တော် ပြန်ရတော့မယ် ... နေ့လည်စာစားရင်း ရွှေဘုံသာစေတီမှာ ခဏနားနေရင်း .. “ကိုကြီး .. ကျွန်တော်မြို့ထဲကို ပြန်သွားချင်လို့” “ဘာဖြစ်လို့လဲ တော်ကြာနေရင် ပြန်မှာပဲကို” “ကျွန်တော် အခုပြန်ချင်တာ .. မငုဝါ ကို စကားပြောချင်လို့ .. ကျွန်တော်က မနက်ဖြန် ရန်ကုန်ပြန်ရတော့မှာ” ကိုယ့်ထက် ငယ်ပေမယ့် .. ကိုယ့်ထက် သတ္တိရှိတဲ့သူနဲ့ လာတွေ့နေပြီ။ ကျွန်တော့်မှာသာ ချစ်သူကိုတွေ့ချင်ပေမယ့် .. သွားမတွေ့ရဲ .. ဖွင့်လည်း မပြောရဲ ။ ငုဝါ ဆိုတာက ချစ်သူရဲ့ သူငယ်ချင်း။ မထူးတော့ပြီမို့ .. အကြောင်းပြချက်ကောင်းတုန်း “အေး . ဒါဆိုလည်း သွားတာပေါ့ကွာ” လူငယ်တွေရဲ့ ဆန္ဒကို လိုက်လျောပေးတဲ့ အစ်ကိုကြီး တစ်ယောက် ပုံစံနဲ့ ကျွန်တော်တို့ နှစ်ယောက်သာ တခြားသူတွေထားခဲ့ပြီး ကားကြုံနဲ့ မြို့ထဲကို ပြန်လာဖြစ်ပါတယ် ။ ချစ်သူရှိရာ မဏ္ဍပ်ကိုရောက်တော့ .. “ခင်ဗျားက သဘောကောင်းနေပါလား .. ယဉ့် သူငယ်ချင်းကို လိုက်နှောက်ယှက်နေတဲ့သူကို ခေါ်လာပေးတယ်ပေါ့ .. သွား . သူ့ကို ပြန်ခေါ်သွား .. ခင်ဗျားလည်း မလာနဲ့တော့” ကျွန်တော့်အတွက်တော့ “ယဉ့် ကိုတွေ့ချင်လို့ တမင်အကြောင်းပြပြီး လာခဲ့တာပါကွာ” လို့ ပြောဖို့ရန် အားမရှိ။ “ယဉ် .. ကို မနက်ဖြန် ပြန်တော့မယ်” ဆိုတဲ့ စကားတစ်ခွန်းကို ပဲ ပြောထွက်ခဲ့ပါတယ်။ ဒီသင်္ကြန်မှာ ချစ်သူကို ချစ်တဲ့အကြောင်း ဖွင့်ပြောမယ်ဆိုတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းလေးကလည်း တကယ်ကို စိတ်ကူးသက်သက်သာ ဖြစ်ခဲ့ပါပြီ ။
နေ့လည်ခင်း တည်းခိုခန်း ပြန်ရောက်ကလည်းက . ဘယ်မှလည်း မသွားချင် .. ဘာမှလည်း မလုပ်ချင် .. ဘာသံမှလည်း မကြားချင်တော့ပြီမို့ အခန်းထဲမှာပဲ အိပ်နေမိသည်။
ည(၇)နာရီခန့် .. တည်းခိုခန်း မန်နေဂျာက ဧည့်သည်ရောက်နေတယ် ဆိုပြီး တံခါးလာခေါက်သည်။ ကျွန်တော် အံ့သြသွားတယ် .. ဒီတည်းခိုခန်းမှာ ကျွန်တော်တည်းတာကို သိတာ ယဉ် တစ်ယောက်ပဲရှိတယ် ... ပြီးတော့ ကျွန်တော့် ဆီ လာစရာ ဧည့်သည်ဆိုလို့ ယဉ် တစ်ယောက်ပဲရှိပြန်တယ်။ ကျွန်တော် အသက်ရှုဖို့ပင် မေ့လျော့ပြီး ရပ်နေမိသည်။
နောက်တစ်ကြိမ် မန်နေဂျာ ထပ်အော်တော့မှ သတိပြန်ဝင်ပြီး အောက်ဆင်းခဲ့ပါတယ်။ အောက်ရောက်တော့ လူငယ်တစ်ယောက် ..“ ကိုကောင်းခန့်ဇျာန် ဆိုတာ အစ်ကိုလား ” “ဟုတ်ပါတယ် . ဘာဖြစ်လို့လဲ” “ယဉ်ယဉ် စာပေးလိုက်လို့ ခုချက်ချင်းဖတ်ပြီး အကြောင်းပြန်ပေးပါ” ကျွန်တော် တော်တော် စိတ်ပူသွားသည်။ ဘာတွေ ဖြစ်ကုန်ပြီလဲ .. ဒီညနေ ဘာတွေ ဖြစ်ကြလို့လဲ .. စာကို အမြန် ဖတ်ကြည့်လိုက်တော့ “ ကိုကောင်းခန့်ဇျာန် .. ယဉ် အရေးကြီး ပြောစရာရှိလို့ .. မနက်ဖြန် မနက်(၇)နာရီ ကားဂိတ်က လာစောင့်ပေးပါ ” စာကတော့ တိုတိုလေး .. ဒါပေမယ့် ကျွန်တော့် အတွေးတို့က ရှည်လျားလွန်းလှသည်။ “မင်း ရွှေတောင် ပြန်မှာလား” “ဟုတ်တယ်” “ငါ လိုက်လို့ရမလား” “လိုက်လို့တော့ရပါတယ် .. ဒါပေမယ့် ကျွန်တော် ပြန်မပို့ပေးနိုင်ဘူး .. ပြီးတော့ ခင်ဗျားလိုက်လာလဲ ယဉ်ယဉ် နဲ့ တွေ့လို့ရမှာ မဟုတ်ဘူး” မှန်ပါသည်။ ကျွန်တော် လိုက်သွားလည်း ဘာမှ မထူးနိုင် .. ဒီတစ်ညတော့ ကျွန်တော် စိတ်လျော့လိုက်ပါပြီ။ “ကောင်းပြီလေ .. ကိုယ် မနက်ကို စောင့်နေမယ်လို့ပဲ ပြောပေးပါ” ညတို့သည် အိပ်စက်နေသူတို့အတွက် တိုတောင်းလွန်းသော်လည်း အိပ်မပျော်နိုင်သူအတွက် ရှည်လျားလွန်းလှပါသည်။ .. အရုဏ်ဦးမှာ တွန်တဲ့ ကြက်တွေ ၀ီရိယနည်းလို့လား .. ထွက်ပေါ်လာမယ့် နေမင်းကြီးကပဲ အားအင်နည်းလို့ နှေးကွေးနေတာလားမသိ ... လင်းရောင်မြင်ဖို့ ကြာဝေးလိုက်တာ။

(နှစ်ဆန်းတစ်ရက်နေ့)
ညကတည်းက အိပ်မရသူမို့ .. မနက်စောစောပိုင်းကတည်းက ကားဂိတ်ကို ရောက်လို့နေပါတယ် ... သူရှိရာကို လိုက်သွားချင်ပေမယ့် .. အသွားအပြန်တွေ လမ်းမှာ လွဲတတ်တာမို့ . ကားဂိတ်မှာပဲ စိတ်ရှည်ရှည် စောင့်နေရပါတော့တယ်။ ခဏနေတော့ ညက စာလာပေးတဲ့ ကောင်လေး ဆိုင်ကယ်နဲ့ ရောက်လာပါတယ် .. နောက်မှာ ယဉ်ယဉ်တို့ လာပြီဖြစ်ကြောင်း သတင်းလာပေးပါတယ်။ မကြာခင်ပဲ ကားတစ်စီး ၀င်လာပါတယ် ယဉ် နဲ့ သူ့သူငယ်ချင်း ဆင်းလာတော့ .. မနက်စောစော ချစ်သူရဲ့ အပြုံးကို မြင်လိုက်ရတော့ ကြည့်နူးမိပေမယ့် .. ပြောစရာ အရေးကြီးလို့ ဆိုတာကြီးကို စိတ်ထဲက မရှင်းနိုင် ။ ကားဂိတ်ကနေ ရွှေဆံတော် ဘုရားပေါ် လမ်းလျှောက်သွားနေပေမယ့် ကျွန်တော့် နှုတ်တို့ ဆွံ့အ နေမြဲပါ။ ဘုရားပေါ်ရောက်တော့မှ .. “ယဉ် .. ပြောစရာ ရှိလို့ဆို” “အင်း . ယဥ့် ကို စိတ်ဆိုးသွားသလားလို့ပါ .. မနေ့က လူကြားထဲမှာ အော်မိတဲ့အတွက် ယဉ် တောင်းပန်ပါတယ် .. ညကလည်း တစ်ညလုံး အိပ်လို့မရဘူး .. ပြန်များသွားပြီးလားလို့ ” “ရပါတယ် .. ကို စိတ်မဆိုးပါဘူး” . . . ကျွန်တော့် နှုတ်တို့ ဒါ့အပြင် ပိုထွက်မလာ .. ခုချိန်မှာ ယဥ့် ကို ချစ်တယ် ဆိုတဲ့ စကားတစ်ခွန်းကို ပြောလိုက်ရင် .. အရမ်းကို တန်ဖိုးရှိတဲ့အချိန် .. အကောင်းဆုံးအခွင့်အရေး .. အင်မတန်မှကို မင်္ဂလာရှိသော နှစ်ဆန်းတစ်ရက်နေ့ ဖြစ်သွားမှာပါ ... ဒါပေမယ့်လည်း .. ကျွန်တော် ........... ပြောမထွက်။

အခန်း(၇)... နေ၀င်ချိန်ရဲ့ အစ ( ညနေဆည်းဆာ )

ကျွန်တော့်အကြောင်းကို သိကြတဲ့ သူငယ်ချင်းတွေက ကျွန်တော့်ကို သြဘာပေးကြသည်။
“သောက်ရူး .. ငကြောင်” “ချစ်တဲ့အကြောင်းကို ချစ်တယ်ပြောတာများ .. မင်းကွာ .. နေရာချင်းသာ လဲလိုက်ချင်တယ်” သီချင်းလေးပင် ညီးလိုက်ကြသေး ....
အခြေအနေတွေ .. အချိန်အခါတွေ .. နေရာဒေသတွေ ဝေးကွာခြားနားလွန်းတာမို့ ကျွန်တော်နဲ့ သူ့ တွေ့ဆုံချိန်တွေ နည်းခဲ့ရတယ်။ တွေ့ခဲ့ချိန်တိုင်းမှာလည်း ကျွန်တော့် နှုတ်တို့ အာစေးမိနေဆဲ။
ကံကြမ္မာက ဖန်လာသမျှ လက်ပိုက်ကြည့်နေရင်း .. နောက်ဆုံးနှစ်ကျောင်းတက်ဖို့ ကျွန်တော် ရန်ကုန်ကို ပြောင်းခဲ့ရပါတယ်။ အရင်တုန်းကတော့ ကျောင်းဖွင့်ရင် ပြန်ဆုံနိုင်ခွင့်ရှိသေးတာမို့ မျှော်လင့်ချက်တို့ ရှင်သန်နေသေးသော်လည်း ... ခုဆို ဝေးသထက်ပင် ဝေးပါလေတော့သည်။ ကျောင်းပြောင်းကိစ္စတွေလုပ်ရင်း သူ့ဆီကို သွားဖြစ်ပါတယ်။ သူ့ကို သူ့မိဘတွေက ရန်ကုန်က သင်္ဘောသားတစ်ယောက်နဲ့ သဘောတူထားကြောင်း . . သူ့က လက်မခံကြောင်း .. သူချစ်တဲ့သူကိုသာ လက်ထပ်မှာ ဖြစ်ကြောင်း ဖွင့်ပြောလာတော့ .. ကျွန်တော် မဆုံးဖြတ်တတ်တော့ .. အရင်ကတည်းက ကျွန်တော် ဆုံးဖြတ်ပိုင်ခွင့်မရှိခဲ့ .. သူ့အနေနဲ့က ဖွင့်ပြောစေချင်လို့ တွန်းအားပေးတယ်ဆိုတာကို နားလည်ပေမယ့် ... ကျွန်တော်ကတော့ ပိုလို့ပင် မ၀ံ့ရဲ ။
အချစ်ဆိုတာ ရယူပိုင်ဆိုင်လိုခြင်းလား ... စွန့်လွှတ် အနစ်နာခံခြင်းလား ...
ကျွန်တော် ချစ်သူကို ရယူပိုင်ဆိုင်လိုပါသည် .. ဒါမှလည်း ကျွန်တော့် အချစ်တွေက အဓိပ္ပါယ် ရှိပေမည်။ ချစ်သူ့နဲ့အတူ ဘ၀ကို ရင်ဆိုင်ချင်သည်။ ပျော်ရွှင်တဲ့ မိသားစုဘ၀တစ်ခုကို ပိုင်ဆိုင်ချင်သည်။
သို့သော် .. ကျွန်တော် ဘွဲ့ရပြီးတဲ့နောက် .. ကျွန်တော် ဘ၀ တစ်ခုကို စရဦးမည်။ ကျွန်တော့် မိဘတွေအတွက် အလုပ်ကျွေးပြုရဦးမည်။ အချိန်တွေ ကုန်လွန်ခဲ့ပါသည်။ ဝေးနေဆဲခရီးတစ်ခုကတော့ နီးမလာခဲ့ ။
ကျွန်တော် စွန့်စားရပါဦးမည် .. နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ အလုပ်လုပ်ရင်း ငွေရှာဖို့ ကျွန်တော် ငွေနောက်လိုက်ရန် စီစဉ်ရပါတော့သည်။ ကျွန်တော် သူ့ဆီကို နှုတ်ဆက်စကားတစ်ခွန်း ပြောဖို့ ရောက်ခဲ့ပြန်ပါသေးတယ် ..
“ယဉ် .. ကိုယ် နိုင်ငံခြားသွားဖို့ လုပ်နေတယ် .. ဒီနောက်ပိုင်း ကိုယ် လာဖြစ်မှာ မဟုတ်တော့ဘူး၊ အဆင်ပြေမယ်ဆိုရင် ကိုယ့်ဆီကို အီးမေးပို့ပြီး ဆက်သွယ်ပေးပါ .. ကိုယ် သွားခါနီးရင် တစ်ခေါက်ပြန်လာခဲ့ဦးမယ်” ဒီလောက်သာ ပြောဖြစ်ခဲ့သည်။ ကျွန်တော်လည်း ငွေနောက်လိုက်သူတို့ရဲ့ ထုံးစံအတိုင်း .. ကိုယ့်ဆီကငွေ သူများနောက် အရင်ပါသွားတော့သည်။
အရင်က လုပ်နေတဲ့ လုပ်ငန်းလေးပင် ကိုယ်နဲ့မဆိုင်လေတော့ပြီ။ ဒါနဲ့ပဲ ရန်ကုန်မှာ သောင်တင် .. အားလုံးကို အစဖျောက် .. လောကကြီးကို ပြန်ရင်ဆိုင်နိုင်ဖို့ ကြိုးစားရင်း ...... ဝေးသထက် . ဝေးလို့ နေပါပြီ။

အခန်း(၈)... လွတ်ကျသွားသည့် ဇွန်းတစ်ချောင်း၏ နိဂုံး

ရန်ကုန်မှာ အလုပ်တွေလုပ်ရင်းနဲ့ပဲ ... ဘ၀က အခြေမကျနိုင် .. ချစ်သူကို ချစ်နေရုံကလွဲပြီး ဘာတစ်ခုမှ ကိုယ့်မှာ မပိုင်ဆိုင်။ ချစ်ခွင့်ရှိနေတာကိုပဲ ကျေနပ်လို့ နေခဲ့ရသည်။ ဒီလို့နဲ့ အင်တာနက်ဆိုင် တစ်ခုမှာ အလုပ်ဝင်လုပ်ဖြစ်သည်။ ကျွန်တော့်အတွက် တော်တော်လေးကို အဆင်ပြေခဲ့သည်။ ဘာကြောင့်လည်းဆိုတော့ ချစ်သူဆီက ဆက်သွယ်လာမယ့် အီးမေးကို အချိန်ပြည့် စောင့်မျှော်ခွင့် ရနေလို့ပါ။ သူကတော့ ကျွန်တော် စင်္ကာပူမှာ အဆင်ပြေနေပြီလို့ ထင်ရှာပေမည်။ ရက်တွေသာ ကြာခဲ့ပါသည်။ သူ့ဆီက အီးမေးက ရောက်လို့မလာခဲ့ ....
တစ်နေ့ ... မျှော်လင့်နေတဲ့ အီးမေးက ရောက်လို့လာခဲ့ပါသည်။ ဖွင့်ကြည့်ဖို့ လုပ်ရင်း .. အလုပ်ကိစ္စပေါ်လာတာနဲ့ မကြည့်ဖြစ်။
ကျွန်တော် ကိုယ်တိုင်ကလည်း ချစ်သူဆီက အီးမေးကို အလုပ်ချိန်ပြီးမှပဲ အပျော်များနဲ့ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ဖွင့်ကြည့်တော့မယ်ဆိုပြီး ပိတ်လိုက်ပါတယ် ...
တိုက်ဆိုင်မှုလို့ ဆိုရမလား ... ကံကြမ္မာကပဲ ရက်ဆက်လေတာလား .. ဘာကြောင့်မှန်းကိုမသိ .. အင်တာနက်လိုင်းက ၁၅ ရက်လောက် သုံးလို့မရအောင် ဖြစ်သွားခဲ့ပါတယ်။ ချစ်သူ ဆီက အီးမေးရောက်နေတာ သိလျက်နဲ့ ဖွင့်ကြည့်ခွင့် မရှိခဲ့တဲ့ ကျွန်တော် ... နေ့စဉ် နေ့တိုင်း မျှော်နေမိတာက .. အင်တာနက် ။
ဒီလိုနဲ့ပဲ အင်တာနက်တွေ ပြန်သုံးလို့ ရရခြင်း ကျွန်တော့်အီးမေးကို ဖွင့်ကြည့်မိပါတယ် .. မှန်ပါသည် .. ချစ်သူဆီက အီးမေးတစ်စောင်။ မျှော်လင့်ချက်များနဲ့အတူ ကြည်နူးစွာ ဖွင့်ဖတ်မိပါသည် ....
“ကိုကောင်းခန့်ဇျာန် .. ယဉ် သတိရလို့ စာရေးလိုက်တာပါ .. စင်္ကာပူမှာ အလုပ်တွေ အဆင်ပြေရဲ့လား။
ယဉ် လည်း အိမ်ထောင်ပြုလိုက်ပြီ .. ပြီးခဲ့တဲ့ ဒီဇင်ဘာကပါ .. ယဥ့် အမျိုးသားက သင်္ဘောသားလေ ။ ယဉ် မင်္ဂလာဆောင်တုန်းက မဖိတ်ဖြစ်တဲ့အတွက် တောင်းပန်ပါတယ်၊ အခု သူလည်း ပြန်ထွက်ဖို့ စာမေးပွဲဖြေနေတယ်။ ယဉ် အခု ရန်ကုန်မှာပါ . အမျိုးသားနောက် လိုက်နေတယ်လေ” တဲ့ ။ ကျွန်တော့် နှလုံးခုန်သံတို့ ရပ်တန့်သွားလေပြီ။ အရာရာဟာ သူ့အလိုလိုနဲ့ ပြီးဆုံးခဲ့ပါပြီ။ ချစ်သူကို ရယူပိုင်ဆိုင်လိုတဲ့ ကျွန်တော် . . . ပိုင်ဆိုင်ခွင့်ရဖို့ ကြိုးစားရင်း .. စွန့်လွှတ်အနစ်နာ ခံလိုက်ရပါပြီ။ ကျွန်တော် ကျေနပ်ပါသည်။ ချစ်သူ၏ ဘ၀ စိုပြေနေတာကို သိရတော့ ကျွန်တော် ၀မ်းသာပါသည်။
တစ်ခုတော့ ကျွန်တော် မဖြေသာခဲ့ .... ချစ်သူကို ချစ်တဲ့ အကြောင်းကျွန်တော် မပြောဖြစ်ခဲ့။ “ယဉ် ကို ချစ်တယ်” စာသား ခဏခဏ ရေးခဲ့ဖူးပေမယ့် .. ချစ်သူကို ဖွင့်မပြောဖူးခဲ့။
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် .. ဟိုအရင် ကျွန်တော် ဆုတောင်းမှားခဲ့လေသလား ....
ချစ်သူကို စတွေ့စဉ်က လွတ်ကျသွားတာ ဇွန်းတစ်ချောင်းမှ ဟုတ်ပါလေစ ...
ကျွန်တော့် နှလုံးသား အဲဒီကတည်းက ပြုတ်ကျကွဲကြေ ခဲ့လေသလား .....
သေချာတာတစ်ခုက ကျွန်တော် အသည်းကွဲဝေဒနာ မခံစားခဲ့ရပါဘူး .. ဘာကြောင့်လဲ ဆိုတော့ ...
လွတ်ကျသွားတာ ဇွန်းတစ်ချောင်းမှ မဟုတ်ခဲ့တာ . . . .

2 comments:

phoenix said...

သေချာတာတစ်ခုက ကျွန်တော် အသည်းကွဲဝေဒနာ မခံစားခဲ့ရပါဘူး
သေချာလို့ လား
နဲနဲလေးတောင် မခံစားရဘူးဆိုတာ

ညီမတော်

ပန်းခင်းလေး

Kaung Khant said...

အစကတည်းက လွတ်ကျခဲ့တာ ဇွန်းတစ်ချောင်းမှ မဟုတ်တာ ..
ကျွန်တော့် အသည်းက အဲဒီကတည်းက လွတ်ကျခဲ့တယ်လေ ..
ကွဲစရာ အသည်း မရှိတော့လို့ပါ ..