12/07/2008

ကွန်ယက်ထဲက ချစ်သူ ...

ရန်ကုန်မြို့ရဲ့ အချက်အခြာနေရာ .. မြို့လယ်လို့ တင်စားထားတဲ့ ဆူးလေဘုရားအနီး အင်တာနက်ဆိုင်မှာ ကျွန်တော် အလုပ်ဝင်လုပ် ဖြစ်ခဲ့ပါသည်။ ကျွန်တော့် တာဝန်က အင်တာနက် လာသုံးတဲ့သူတွေရဲ့ လိုအပ်ချက်တွေကို ကူညီပေးဖို့၊ နောက် အင်တာနက်နဲ့ပတ်သက်ပြီး သိချင် . တတ်ချင် တဲ့လူတွေကို သင်တန်းပေးဖို့။ မနက်ဆိုင်ဖွင့်ချိန်(၉)နာရီကနေ ညဆိုင်ပိတ်ချိန်(၁၀)နာရီ အတွင်းမှာ အလုပ်ချိန်အားရင် အားသလို အွန်လိုင်းမှာ ရှိနေတတ်တဲ့ကျွန်တော်၊ တစ်နည်းအားဖြင့် တစ်နေ့ကို (၁၃)နာရီလောက် အွန်လိုင်းမှာ ရှိနေတတ်တဲ့ ကျွန်တော့်ရဲ့ Email Account ထဲမှာ မိတ်ဆွေ သူငယ်ချင်းတွေ၊ သင်တန်းလာတက်တဲ့ သင်တန်းသားတွေ၊ အွန်လိုင်းပေါ်မှာ ရင်းနှီးတဲ့ သူငယ်ချင်းတွေရဲ့ Account တွေက များမှများပါပဲ။ အဲဒီထဲကမှ တချို့က ရင်းရင်းနှီးနှီးရှိသလို .. တစ်ခါတစ်လေမှ ပြောဖြစ်ဆိုဖြစ်တဲ့ သူတွေလည်း ရှိနေပါတယ်။ တချို့လူတွေကို ကောင်းကောင်း မှတ်မိသလို .. တချို့ကိုတော့ ယောင်ဝါးဝါးဖြစ်နေတာလည်း မဆန်းသလိုပါပဲ။
တစ်နေ့ .. ကျွန်တော့် ဆီကို Account တစ်ခုက Invite လုပ်လာပါတယ် .. ထုံစံအတိုင်း ကိုယ်ကလည်း လက်ခံနေကျဆိုတော့ OK ပေါ့ ..
“ hi ” ရိုးရာမပျက်ပေါ့ .. သူ့ဘက်က နှုတ်ဆက်လာတော့ ကိုယ်ကလည်း “ hi ”
“ u asl plz ” လာပါပြီဗျာ .. တကယ်ကို ရိုးရာမပျက်
“ 30 m ygn . n u ? ” “ 25 f ygn ” အော် .. ရန်ကုန်သူပဲကိုး
“ကိုကြီး . မီးကိုသိလား” “သိဘူး” သူကလည်း စချက်သေးတယ် .. ဘာမှလည်း မပြောရသေးဘဲ သိလားဆိုတော့ ..
“ကိုကြီးက ချောတယ်နော်” “ဟောဗျာ .. သိလို့လား”
“သိတာပေါ့ .. မီးဆီမှာ ချောတဲ့လူတွေရဲ့ စာရင်းရှိတယ်” “ဟုတ်လား” ထူးနေပြီ . ကျွန်တော့် account မှာ တင်ထားတာက ကျွန်တော့် ဓါတ်ပုံမဟုတ် .. ကာတွန်းပုံ ။ ကျွန်တော့်သိနေတယ် ဆိုပါလား .. ကြပ်နေတာလား .. တကယ်သိတာလား။
“ဘယ်လို သိတာလဲ . ဘယ်သူပြောတာလဲ” “ဒီလိုပဲ သိတာပေါ့”
“ဆိုင်မှာ လာသုံးဖူးတာလား .. သင်တန်းတက်ဖူးတာလား” “အဲဒီဆိုင်ကို မရောက်ဖူးဘူး” ဟောဗျာ . တကယ်ပါပဲ ..
သူနဲ့ ချက်ရင်း .. မေးရင်း သိလိုက်ရတာက .. ကျွန်တော့် အကြောင်းတချို့ကို သူတကယ်သိနေခဲ့တယ် .. ကျွန်တော် ဘယ်သူလဲဆိုတာကို သူတကယ်သိနေတာပဲ။
“နာမည်ပြောပါလား” “မီးလေ”
“ဘယ်မှာနေတာလဲ” “အိမ်မှာ” တကယ်ကို ဘုမလေးပဲ .. သူအကြောင်းကြ ဘာမှ မပြောဘူး။
တစ်ရက် .. နှစ်ရက် .. သုံးရက် .. သူက ကျွန်တော်နဲ့ ပတ်သက်တဲ့ အကြောင်းတချို့ကို တိတိကျကျ သိနေပြီး .. သူ့အကြောင်းကို ကိုယ်က ဘာမှ မသိရ။ တွေ့လိုက်တိုင်းလဲ ဘာမှ ရေရေရာရာ ပြောမပြ။
သူဘယ်သူလဲ .. ဘာလို့ ကျွန်တော့် အကြောင်းတွေ သိနေရတာလဲ ..
ကျွန်တော့် ကို ဝေဒနာတွေ ပေးမယ့်သူလား .. အကြင်နာတွေ မျှဝေနိုင်သူလား ..
ကျွန်တော် သူ့ကို တော်တော်လေး စိတ်ဝင်စားမိသွားပြီ .. နေ့စဉ်နေ့တိုင်း ဆိုင်ရှေ့က ဖြတ်သွားတဲ့ ကောင်မလေးတွေကိုသာ လိုက်ကြည့်နေမိသည် .. သူလေလား .. သူများဖြစ်မလား .. ကိုယ့်ကို ပုန်းကွယ်နေသူ .. ကိုယ်မသိတဲ့ လူတစ်ယောက်ကို လိုက်ရှာရတာ တော်တော်ပင်ပန်းပါလားနော် ...

------------------------------- ။။ ----------------------------------

“hi” ပေါ်လာပြန်ပြီ နတ်မိမယ်လေးရယ်
“hi ပါဗျာ” “ကိုကြီး . စားပြီးလား” “အင်း ပြီးပြီ”
“ဟိတ် . အခု ဘယ်ကချက်နေတာလဲ” “မြို့ထဲက .. ဆူးလေနားက” “ဒါဆို နီးနီးလေးပဲ . ဘယ်ဆိုင်မှာလဲ” “ပြောဘူး”
ခက်နေပါပြီ .. “ဒါဆိုလည်း အပြင်ထွက်ခဲ့ပါလား .. ကိုယ် မင်းကို အရမ်း တွေ့ချင်နေပြီ” “အင်း . ဘယ်ကို လာရမှာလဲ”
ကံတရားက ကိုယ့်ဘက် နည်းနည်းတော့ ပါလာပြီ .. “Tokyo Donuts ဆိုင်ကိုသိလား” “အင်း”
“ဒါဆို အဲဒီကိုလာခဲ့” “အခုလား”
“ဟုတ်တယ် အခုလာခဲ့” “နောက် နာရီဝက်လောက်ဆို ရောက်ပြီ .. စောင့်နေ”
“အင်း .. မင်းလာရင် ကိုယ် ဘယ်လိုသိရမလဲ” “ကိုကြီးကို မီးသိနေတာပဲ .. စောင့်နေ” “ဟုတ်ပါပြီဗျာ”
Tokyo Donuts က ကျွန်တော့်ဆိုင်နဲ့ နီးနီးလေး ၊ ခဏနေတော့ ကျွန်တော် သွားစောင့်နေခဲ့သည် ..
သူဘယ်သူလည်းဆိုတာ သိရတော့မှာမို့ ကျွန်တော့် ရင်တွေ အရမ်းခုန်နေသည်။
သူ့ကို တွေ့ချင်စိတ်က အရမ်းကြီးစိုးနေပြီ .. မြန်မြန်လာပါတော့ ကောင်မလေးရေ ...
ဟော ၀င်လာပါပြီ .. ကောင်မလေးတစ်ယောက် .. ဒါပေမယ့် ကျွန်တော့် ဆီကိုမလာခဲ့ ။ သြော် .. သူမဟုတ်လို့နေမှာပါ။
ဝင်လာပြန်ပါပြီ တစ်ယောက် .. ဟိုကြည့်ဒီကြည့် .. သူဘယ်သူ့ကို ရှာနေတာလဲ .. ငါ့ကိုလား .. ငါပြုံးပြလိုက်ရမလား ..
မဟုတ်သေး .. သူရှာတဲ့လူက ငါမဟုတ် ။ မီး .. တကယ်ကို ပူလောင်စေပါလားကွာ .. မင်း ငါ့ကို တကယ်မသိပဲ လှည့်စားနေတာလား ... သိရက်နဲ့ ငါ့ကို တမင် နှုတ်မဆက်ဘဲ ညဉ်းဆဲထားလေသလား ...
တစ်ယောက် .. နှစ်ယောက် .. သုံးယောက် .. လူတွေကတော့ ၀င်လိုက်ထွက်လိုက်ပါပဲ ..
၁၅ မိနစ် .. နာရီဝက် .. ၄၅ မိနစ် .. ဟောဗျာ .. ကျွန်တော်ရောက်နေတာ ၁ နာရီတောင် ကြာနေပြီ .. ဘယ်သူမှလည်း မရောက်လာ .. အညာမိပြန်ပါလား .. ညာရက်တယ် မီးလေးရယ် ..

------------------------------- ။။ ----------------------------------

“sorry ပါ ကိုကြီး” “ညာတေးလေး”
“မညာပါဘူး .. ညက မီး လာသေးတယ် .. ဆိုင်ထဲ မ၀င်ရဲလို့” “ဆိုင်ထဲ မ၀င်ရဲ ဆိုင်ပြင်က လှမ်းအော်လိုက်ပေါ့” မထူးတော့ ညစ်ညစ်နဲ့ ကြပ်တော့မယ် .. “တကယ်ပြောတာပါ” “ဟုတ်ပါပြီ .. ယုံပါတယ် . ဒီညရော လာမှာလား” “အင်း”
လုပ်လာပြန်ပြီ .. ပြောရင်တော့ ဘယ်တော့မှ မငြင်း .. ပြီးမှ တလွဲ “ဒါဆိုရင် ၇ နာရီကို စောင့်နေမယ်” တွေ့ချင်နေသူက ကိုယ် ဆိုတော့လည်း တွေ့ခွင့်ရဖို့ကိုပဲ ကြိုးစားရတော့မှာပဲ .. သည်းခံ .. သည်းခံ။
“hi” “မဟိုင်းဘူး” .. “ကိုကြီး စိတ်ဆိုးနေလား”
“ကိုယ်လုပ်တာ ကိုယ်သိမှာပေါ့ .. ဟိုတစ်ညကလည်း ရောက်မလာ.. နောက်တစ်ခါ ချိန်းတော့လည်း ပေါ်မလာ”
“စိတ်မဆိုးပါနဲ့ .. မီး ကိုကြီးကို တကယ် မတွေ့ရဲလို့ပါ .. မီးက ရုပ်ဆိုးတယ်လေ .. တော်ကြာ ကိုကြီး မခင်တော့ရင် ဘယ်လိုလုပ်မလဲ” အမလေးဗျာ တွေ့ချင်ပါတယ်ဆိုမှ သူက ဈေးကိုင်နေပြန်ပြီ။
“မပူပါနဲ့ ကိုယ်က ခင်တတ်ပါတယ် .. ဒါပေမယ့် မင်း အခုလို ဆက်ညာနေမယ်ဆိုရင်တော့ ငါ စိတ်မရှည်တော့ဘူး”
“ဒါဆို ဒီည တကယ်လာခဲ့မယ် .. ဆက်ဆက်စောင့်နေ” “သေချာလား” “အင်း . သေချာတယ် . တကယ်”
မထူးတော့ပြီ .. တွေချင်လွန်းတော့လည်း . သူ့ပြောသမျှပေါ့ .. လေးမှန်ဖူးတဲ့ စာသူငယ်လို .. နှစ်ညဆက်တိုက် ခံထားရတော့လည်း မသွားချင် .. အရင်ကတည်းက မိန်းမတွေနဲ့ ပတ်သက်ရင် .. အဲဒီလို စိတ်မရှည်တတ်လို့ ခပ်ဝေးဝေး နေခဲ့သည်။ ညီမ တွေနဲ့ ပတ်သက်ရင်တောင် ၁၀ မိနစ်လောက် စောင့်နေရရင် ဒေါသက အလိုလိုထွက်လာတတ်သူ ..
အခုတော့ ၁၀ မိနစ်မက .. ဒါအပြင် တစ်ရက်တည်းလည်းမဟုတ် ..

--------------------------------- ။။ -------------------------------------

နေ့တွေ .. နေ့တွေ .. နေ့တွေ .. တစ်နေ့ပြီး တစ်နေ့သာ ကုန်ကုန်သွားတယ် .. မရိုးနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကတော့ ရှေ့ကို ဆက်မလာခဲ့ .. သူဘယ်သူလည်း .. ဘာလို့ အဲဒီလောက်ထိ လျှို့ဝှက်ထားရတာလဲ ... ဒီလိုနဲ့ ကျွန်တော် ရန်ကုန်မြေကို စွန့်ခွာခဲ့ရပါတယ် .. အဝေးတစ်မြေကို ရောက်နေရသလို .. အွန်လိုင်းပေါ်မတက်ဖြစ်တာ ၂ လလောက် ရှိနေခဲ့ပြီ ...
ကျွန်တော် အွန်လိုင်းပေါ် တက်ဖြစ်တဲ့တစ်နေ့ .. အရင်ဆုံး သတိရမိတာက မီး .. ရင်ကို ပူလောင်စေတဲ့ မီး ..
အချိန်မှန်တယ်ပြောရမလား .. ညနေစောင်းဆို သူအွန်လိုင်းကို ရောက်လာနေကျအတိုင်း ပေါ်လာပါပြီဗျာ ..
သူ့ Status Bar မှာ ရေးထားတာက .. “အရမ်း လွမ်းနေပြီ” တဲ့
“ဟယ်လို ကိုကြီး .. မတွေ့တာကြာပြီ” “အင်း . ဟုတ်တယ်”
“ဘယ်ရောက်နေလဲ” “အခု . ယိုးဒယားဘက်မှာ” .. “အဆင်ပြေလား” “ပြေပါတယ်”
“ဘယ်တော့ ပြန်လာမှာလဲ” “မသိသေးဘူး .. အလုပ်အဆင်ပြေရင်တော့ ပြန်ဖြစ်မှာ မဟုတ်သေးဘူး”
“ဒါဆို လွမ်းနေရတော့မှာပေါ့” ပြောနိုင်သေးတယ်နော် .. “တကယ်လွမ်းနေမှာလား” “အင်းပေါ့”
“ဒါဆိုလည်း နာမည်လောက်တော့ ပြောဖို့ကောင်းနေပြီ” “ပြောပြီးပြီလေ”
“ဘယ်တုန်းကပြောလို့လဲ .. အရင်ပြောတာက နာမည်ရင်းမှ မဟုတ်တာ” “အင်း . ပြောရမှာလား”
“သိချင်ပါတယ်ဆိုမှ .. ပြောပေါ့” “ စု ” “တစ်လုံးတည်းလား” “ဟုတ်”
“နာမည်တောင် အမှန်မပြောဘဲနဲ့ လွမ်းနေမယ် ဆိုတာကို ဘယ်လို ယုံရမှာလဲ” “ယုံပေးပါ” “ဟုတ်ပါပြီ . . ယုံပါတယ်”
“ဓါတ်ပုံ ပို့ပေးပါလား .. အလွမ်းပြေ ကြည့်ရအောင်” “လွမ်းတတ်လို့လား . မယုံပါဘူး”
“တကယ်ပြောတာပါ .. လူမမြင်ဘူးတော့ ပိုပြီးသတိရနေတာ” “လူကို မမြင်ဘူးပဲ ဘာကိုလွမ်းတာလဲ”
“လူမမြင်ဘူးလို့ ပိုလွမ်းတာပေါ့ .. ကိုယ့်ကို အရူးလုပ်သွားတဲ့ ကောင်မလေးကို အမြဲသတိရနေတာ .. နာမည်လည်းမပြော .. လူကိုလည်း မမြင်ဘူး .. ကိုယ့်ကိုကြတော့ သိနေတယ် .. မတရားဘူးနော်”
“စိတ်မဆိုးပါနဲ့” “မဆိုးပါဘူး .. သိချင်တယ် .. တွေ့ချင်တယ် ”
“ဖုန်းခေါ်လိုက်လေ” “ဖုန်းနံပတ်မပြောဘဲနဲ့” “ပြောမှာပေါ့ .. * * * * * * အဲဒီကိုခေါ်လိုက်”
“အိုကေ .. ဘယ်သူကို ခေါ်ပေးပါလို့ ပြောရမှာလဲ” “စုကလျာ”
“အစောကတည်းက နာမည်ပြောလိုက်ပြီးရော” “ခေါ်မှာလား” “ဘယ်အချိန်တွေရှိလဲ” “ရုံးချိန်ဆို ခေါ်လို့ရတယ်” “အိုကေ”

------------------------------- ။။ -------------------------------------

ဒီလိုနဲ့ အွန်လိုင်းမှာ မကြာခဏတွေ့တတ်သလို .. ဖုန်းတွေလည်း မကြာမကြာ ပြောတတ်ခဲ့ပါပြီ ..
သူ့ကို မမြင်ဘူးသေး .. သူ့အကြောင်း တချို့ကိုတော့ သူပြောပြသလောက် သိထားရသည်။
ဓါတ်ပုံ ပို့ပေးဖို့ ပြောတော့ “တွေ့ချင်ရင် ရန်ကုန်ပြန်လာခဲ့ပါလား” တဲ့ .. မဖြစ်နိုင်သေးမှန်းသိလို့ ပြောရက်သည်။
အချိန်တိုင်း သူ့နဲ့ စကားတွေ ပြောချင်သည်။ သူ့ကိုတွေ့ချင်သည်။ သူ့ကို အမြဲသတိရနေတတ်သည်။
ကျွန်တော် သူ့ကို ချစ်မိသွားပြီလား .. ချစ်နေမိပြီလား .. တကယ်ချစ်တာ ဖြစ်နိုင်ပါ့မလား ..
ကိုယ်မသိတဲ့ .. ကိုယ်မတွေ့ဘူးတဲ့ ကောင်မလေးတစ်ယောက်ကို ချစ်မိသွားတယ်ဆိုတာ တကယ်ဖြစ်နိုင်ပါ့မလား။
အွန်လိုင်း ချစ်သူဆိုတာ .... အချစ်စစ်ဖြစ်နိုင်ပါ့မလား ..။
အပြင်မှာ တွေ့တဲ့အချိန် .. သူ့ကို ကျွန်တော် ချစ်တယ်လို့ ဖွင့်ပြောမိပါ့မလား ..
သူကရော .. ကျွန်တော့်ကို တကယ်ချစ်တာ ဟုတ်ရဲ့လား .. အပျော်သဘောမျိုး စတတ် နောက်တတ်တဲ့ ကောင်မလေးလား။

1 comment:

မင်းထက် said...

ဟဟ..ကျတော်မှာလည်း..
အဲ့လိုဦးပေးစားတဲ့ကောင်မလေးတစ်ယောက်
အွန်လိုင်းပေါ်မှာရှိတယ်..ကိုကြီးရ..ဟဟ :(