ကျွန်ုပ်တို့အားလုံးရဲ့ဖခင် .. ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ၉၄ နှစ်ပြည့် မွေးနေ့အမှတ်တရ
ဘယ်တော့မှ မေ့လို့မရတဲ့ ကျွန်ုပ်တို့ရဲ့ဖခင် .. ဘာကြောင့်မှ မေ့လို့မဖြစ်တဲ့ ကျွန်ုပ်တို့ရဲ့ ဖခင်
အို ဖခင် .. ကျွန်ုပ်၏ အသက်အရွယ်မျိုးမှာ ဖခင်သည် တိုင်ပြည်အတွက် . တိုင်းရင်းသားလူမျိုးတွေအားလုံးအတွက်
အသက်ကိုပင် ပဓါနမထား တက်ကြွစွာ တိုက်ပွဲဝင်နေလေပြီ ..
ကျွန်ုပ်သည်ကား . . .
2/13/2009
Happy Birthday to Our Father
2/12/2009
ပြည်ထောင်စုနေ့
ငယ်ငယ်တုန်းက ကြားခဲ့ဖူးပါတယ် " ပြည်ထောင်စုနေ့ ဒို့ မမေ့ " တဲ့
ကချင် . ကယာ . ကရင် . ချင်း . မွန် . ဗမာ . ရခိုင် . ရှမ်း အစရှိတဲ့ တိုင်းရင်းသားတွေ စုပေါင်းနေထိုင်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအတွက် .. တိုင်းရင်းသားတွေ စုပေါင်းညီညာ ချစ်ကြည်ရင်းနှီးစွာ နေနေသမျှ ကာလပတ်လုံး .. ပြည်ထောင်စုနေ့ဆိုတာ မေ့စရာမဟုတ် ...
ဒီနေ့ မနက်ဈေးကိုသွားရင် လမ်းတစ်လျှောက် မြန်မာနိုင်ငံအလံတွေ မြင်လိုက်ရတော့ ..
ဘာပါလိမ့် . ဘာလုပ်တာပါလိမ့် လို့ စဉ်းစားမိပါတယ် .. ပြီးမှ သွားသတိရမိတယ် ..
ဒီနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၊ ဒါဆို ပြည်ထောင်စုနေ့ ပေါ့ ..
ငယ်ငယ်တုန်းက ပြည်ထောင်စုနေ့အခမ်းအနားတွေကို သွားသတိရမိတယ် .. ပြည်နယ်နှင့်တိုင်းအနှံ့ ပြည်ထောင်စုအလံတော် သယ်ယူပွဲ အခမ်းအနားတွေကို ရက်ပေါင်းများစွာကတည်းက ကျင်းပနေကြပြီ .. တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဖြစ်ကြသည်။
အရင်တုန်းက ကျောင်းသားတွေဆို ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ .. ပြည်ထောင်စုနေ့ရဲ့ အဓိပ္ပါယ်တွေကို ကောင်းကောင်းသိကြသည် .. အမှတ်တရလည်း ရှိနေကြသည်။
ယနေ့ကာလ ကျောင်းသားလေးတွေမှာတော့ ...
ဆရာမ - ဒီနေ့ဘာနေ့လဲ
ကျောင်းသား/သူများ - ဖေဖော်ဝါရီလ ၁၂ ရက်နေ့ပါ
ဆရာမ - ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပြည်ထောင်စုနေ့ဆိုတာ ကိုရော သိကြလား
ကျောင်းသား/သူများ - သိပါတယ် ဆရာမ
ဆရာမ - ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် ဘာလို့ သိတာလဲ
ကျောင်းသား/သူများ - အိမ်တိုင်းမှာ အလံထောင်ထားလို့ပါ ဆရာမ
ဆရာမ - ပြည်ထောင်စုနေ့ ဘယ်ကစတင်ဖြစ်ပေါ်လာသလဲဆိုတာကိုရော သိကြရဲ့လား
ကျောင်းသား/သူများ - ရပ်ကွက်ရုံးက စတင်ပါတယ် ဆရာမ ၊ ရပ်ကွက်ရုံးက လိုက်ပြောပါတယ်
ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပြည်ထောင်စုနေ့ဖြစ်တဲ့အကြောင်း . အိမ်တိုင်းအိမ်တိုင်း အလံထောင်ရမယ် ဆိုတဲ့အကြောင်းတွေကြောင့်ပါ ဆရာမ။
(ဘာကြောင့်ရယ်မှ မဟုတ်ပါဘူး .. စိတ်ကူးထဲ ပေါ်လာတာလေး ရေးမိတာပါ)
1/04/2009
1/01/2009
မင်္ဂလာရှိသော ၂၀၀၉
2008 ခုနှစ်ရဲ့ နောက်ဆုံးလင်းရောင်ခြည် .. ၀မ်းနည်းစွာ နှုတ်ဆက်ထွက်ခွာသွားသူရဲ့ အပြုံး2008 ခုနှစ်ရဲ့ နောက်ဆုံးလင်းရောင်ခြည်ကို ဓါတ်ပုံရိုက်ပြီး .. ညပိုင်း New Year ရှုခင်းလေးကို ဓါတ်ပုံရိုက် မှတ်တမ်းတင်မယ်လို့ စဉ်းစားထားတာ .. ညရောက်တော့မှ သိလိုက်ရတယ် . ကင်မရာဓါတ်ခဲက အားကုန်နေပြီ ။
နောက်နေ့ မနက်စောစော ၅ နာရီလောက်ကတည်းက ဘုရားကိုသွား .. ဘုရားကုန်းတော်ပေါ်ကနေ 2009 ခုနှစ်ရဲ့ ပထမဆုံးလင်းရောင်ခြည်ကို မှတ်တမ်းတင်မယ်လို့ စဉ်းစားထားတာတွေလည်း သွားပါပြီဗျာ ..
မနက်စောစော ဓါတ်ခဲ ၀ယ်လို့ရဖို့ကလည်း မလွယ်ဘူးလေ .. ဒါနဲ့ပဲ စိတ်ညစ်ညစ်နဲ့ Happy New Year ကို အိပ်ယာထက်ကနေပဲ ကြိုဆိုလိုက်ပါတယ်ဗျာ ..
2009 ခုနှစ်ရဲ့ မနက် 6:30 မှာ အိပ်ယာက နိုးနိုးချင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ နေမင်းရဲ့ အလင်းရောင်ကို မတွေ့ရသေး .. ကျွန်တော် အားတက်သွားတယ် .. ချက်ချင်းထ မျက်နှာသစ်ပြီးတော့ အိမ်အောက်ကို (အိမ်ခန်းက ၅ ထပ်မှာ) ပြေးဆင်း ဓါတ်ခဲရောင်းတဲ့ဆိုင် ဖွင့်တာနဲ့ အဆင်သင့်ပဲ ဓါတ်ခဲဝယ် .. အိမ်အပေါ် ခေါင်မိုးပေါ်ကနေ ရိုက်မယ်လို့ စဉ်းစားထားတာ ဘေးလှေခါးက ခုချိန်ထိမဖွင့်သေး (အရင်ဆို မနက် 5:30 ဆိုဖွင့်ပြီ) .. ဟား .. စိတ်ကိုညစ်ရော .. ဒါနဲ့ပဲ တောင်ပေါ်သွားရိုက်မယ်ဆိုပြီး သွားနေကျ ဆိုင်ကယ် Taxi ကို လှမ်းခေါ်ဖို့အလုပ် .. ဟိုက် .. ဖုန်းကျန်ခဲ့ပြီ ၊ ဒါနဲ့ပဲ အိမ်ပေါ်ကို ပြေးတက် ဖုန်းကိုယူ Taxi ခေါ်၊ Taxi သမားကလည်း အိမ်အောက်ရောက်တာနဲ့ ဖုန်းဆက်တယ် .. “ခရီးသွားတစ်ယောက်ရလို့ လိုက်ပို့ချင်လို့ ခဏ စောင့်ပေးနိုင်မလား” တဲ့ .. နိုး နိုး နိုး မဖြစ်ဘူး .. ငါက အရေးကြီးတယ် . တော်ကြာ နေမြင့်သွားရင် ရိုက်လို့အဆင်မပြေတော့ဘူး .. ဒါနဲ့ပဲ ခရီးသည် ခဏထားခဲ့ ငါ့အရင် တောင်ပေါ်ပို့ပဲ လုပ်ရတော့တယ် .. ခုမှပဲ တိုက်ဆိုင်နေလိုက်တာ .. တောင်ပေါ်ရောက်လို့ ဓါတ်ပုံ ရိုက်တဲ့ အချိန်က မနက် 7:00 ထိုးပြီ။ တော်ပါသေးသည် ရှင်နေမင်းကို အဆင်ပြေပြေ ဓါတ်ပုံ ရိုက်လို့ ရခဲ့လို့ .. တိမ်တွေကလည်း လှပစွာ ခြယ်မှုန်းပေးထားသေး။
ဓါတ်ပုံရိုက်ပြီးတော့ တစ်ခါတည်း မနက်စာ စားမယ်ဆိုပြီး စားနေကျဆိုင်ကို သွားလိုက်ပါတယ် .. ထုံးစံအတိုင်း မှာလိုက်ပါတယ် စားနေကျ မုန့်ဟင်းခါး .. စားပွဲထိုးလေးက လာပေးတော့မှ ဟိုက် လွဲပြန်ပြီ .. ငြုပ်သီးတွေနဲ့ . ကျွန်တော် မုန့်ဟင်းခါးစားတိုင်း ဘယ်တော့မှ ငြုပ်သီးမထည့် .. မထည့်ဖို့ကိုလည်း အမြဲမှာဖြစ်တယ် .. ဒီနေ့တော့ စားနေကျဆိုတော့ သူတို့လည်း သိနေပြီးဖြစ်တဲ့အတွက် မမှာလိုက် .. ကျွန်တော်က ငြုပ်သီးကြောက်သည်။ ထည့်လာမှတော့ မထူးပါဘူး စားလိုက်တော့သည်။ အင်း 2009 ခုနှစ်ရဲ့ နှစ်စမှ မျက်ရည်ကျလိုက်သည် (စပ်လို့)။ စားသောက်ပြီး တစ်ခါတည်း ဈေးသွားမယ်ဆို လုပ်လိုက်တော့မှ .. ဟောဗျာ .. ဈေးသွားလို့ မဖြစ်သေးတဲ့ အကြောင်းက ပေါ်လာလို့ . အိမ်ပေါ်ကို အမြန်ပြန်တက်ပြေးခဲ့ရပါတယ်ဗျာ ။
ဒီလိုနဲ့ 2009 ခုနှစ်ရဲ့ ပထမဆုံး လင်းရောင်ခြည် ကို အလွဲများစွာနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ..
နှစ်စမှာ လွဲခဲ့သမျှဟာ .. တစ်နှစ်စာအတွက် စတင်လွဲမှားခြင်း၊ တစ်နှစ်စာ အလွဲများရဲ့ နိဒါန်း မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေမိပါတော့တယ် ..
12/31/2008
နှစ်သစ်ကို ရင်ခုန်စွာ စောင့်ကြစို့
New Year ရောက်ဖို့ ဘယ်လောက်လိုသေးတယ်ဆိုတာ စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရအောင်
12/28/2008
12/26/2008
12/25/2008
12/13/2008
လပြည့်ည ၏ ပုံရိပ်
လပြည့်ညမှာ လကို ဓါတ်ပုံရိုက်ရင်း .. စိတ်ထဲမှာ မကျေနပ်နိုင် .. နည်းမျိုးစုံအောင် ရိုက်ကြည့်သည် ..
လိုချင်သည့်ပုံစံမရ .. အပြင်မှာ မျက်စေ့နဲ့ မြင်နေရသလို .. လထဲမှာရှိနေတဲ့ အရိပ်တွေပါအောင် ရိုက်ချင်ခဲ့သည်။
ဘယ်လိုပဲ ရိုက်ရိုက် ဒီလိုပုံစံမျိုးပဲ ရိုက်လို့ရသည် ..
ကျွန်တော် စိတ်ထဲမှာ မကျေနပ်နိုင် .. အခြားသူတွေ ရိုက်ထားတာ တွေ့ဖူးပါသည်။ လပြည့်ညမှာ လကို လှအောင်ရိုက်ကြသည် .. ကျွန်တော် ရိုက်လို့မရ။ ကျွန်တော့် ကင်မရာကြောင့်ဟု ထင်မိသည်။ အခြားသူတွေ ရိုက်ထားတာကို ပြန်ပြီးလေ့လာကြည့်မိသည်။ ကျွန်တော် ပညာတစ်ခု ရလိုက်ပါသည် ..
ကျွန်တော်လည်း လကို လှအောင် ရိုက်တတ်ပါပြီ .. ဟော ကြည့်ပါဗျာ .. ကျွန်တော် ရိုက်ထားတဲ့လမင်းကြီး ..
အဖြေသိလိုက်ရတဲ့အချိန်မှာ ည (၁၂)နာရီ တိတိရှိပါပြီဗျာ ..
12/12/2008
နတ်တော်လပြည့်
ဒီနေ့ နတ်တော်လပြည့် (သောကြာ)နေ့
ည (၁၀း၀၀)နာရီ
ချစ်သူ “ ခိုင် ” ရဲ့ အသံလေး ကြားလိုက်ရတယ် .. “ကို အခု လ ကိုထွက်ကြည့်လိုက် . ပြီးရင် ခြေလက်သန့်ရှင်းရေးလုပ်လိုက်နော် . ကိုယ်ခန္ဓာမှာရှိတဲ့ ရောဂါဘယတွေ . အညစ်အကြေးတွေ ကင်းတယ်တဲ့ .. ဒီညသာတဲ့လက ၁၅ နှစ်မှတစ်ကြိမ် ကမ္ဘာနဲ့အနီးဆုံး ရောက်တာ.. ” ချစ်သူရဲ့အမိန့်အတိုင်း .. အိမ်ရှေ့ ၀ရံတာမှ လ ကို ထွက်ကြည့်မိပါတယ် .. မတွေ့။ အိမ်နှင့် ကွယ်နေပါသည်။ နောက်ဖေး ပြတင်းပေါက်က ကြည့်တော့ မြင်ရပါသည် .. သို့သော် ကောင်းကောင်းမမြင်ရ။ ဒါကြောင့် အိမ်အပြင် လမ်းမပေါ်ထွက်ကြည့်ရပါတယ် .. ပြီးတော့ အမှတ်တရ ဓါတ်ပုံရိုက်ဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် .. အိပ်ယာထက်မှာ စဉ်းစားမိတာက ချစ်သူနဲ့ နီးရဖို့အရေး .. ခုချိန်မှာတော့ မိုင်များစွာဝေးကွာ .. ရေမြေ တောတောင် လျှိုမြောင်တွေ .. မထင်မှတ် မမျှော်လင့်နိုင်တဲ့ အခက်အခဲတွေ .. အဟန့်အတား အနှောက်အယှက်တွေကြောင့် ချစ်သူနဲ့အတူနေနိုင်ဖို့က ရေးရေးမှမမြင် ..
လမင်းကြီးကို ကြည့်မိလိုက်စဉ်မှာ .. ခံစားမိတာက ဒီအချိန်ဆို “ခိုင်” လည်း ဒီလမင်းကြီးကို ကြည့်နေမှာပဲ ..
ချစ်သူ မြင်တွေ့နေရတဲ့ လမင်းကြီးကို .. ကို လည်း မြင်နေရတယ် .. ဒါဆို ကို တို့နှစ်ယောက်ရဲ့ ဝေးကွာခြင်းက တကယ်ဆို နီးနီးလေးပဲ ..။ လမင်းကြီးကပေးတဲ့ အားအင်တွေ ကျွန်တော် ရရှိလိုက်ပါသည်။ ယုံကြည့်မိပါသည်။
“ခိုင် .. ကို တို့နှစ်ယောက်အတွက် အတူနေနိုင်ဖို့က မဝေးတော့တဲ့ အနာဂတ်ဆီမှာပါ ..”
12/06/2008
ကုသိုလ်အမျှ . . .
( တာချီလိတ်မြို့ . ရွှေတောင်တန်းတောရ ပရဟိတကျောင်း )







10/14/2008
သီတင်းကျွတ်လပြည့်နေ့
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)သီတင်းကျွတ်လပြည့် အခါသမယမှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က မယ်တော်အမိနတ်သားကို တုဿိတာ နတ်ပြည်မှာ မွေးကျေးဇူးဆပ်တဲ့အနေနဲ့ အဘိဓမ္မာတရားဟောကြားတော်မူသောနေ့လို့ မှတ်သားဖူးပါတယ် ...
ဒီလို နေ့ရက်မျိုးမှာ အထူးတလည် သတိရမိတာက မွေးမေမေ ကိုပါ ..
အခုချိန်မှာ မိဘနဲ့ ဝေးရာမှာ ရောက်နေရသလို .. မိဘကျေးဇူး မဆပ်နိုင်သေးတဲ့အတွက် ၀မ်းလည်းနည်းမိပါတယ် ... ကိုယ်တိုင်ကိုယ်ကျ ရှိခိုးကန်တော့ဖို့တောင် မဖြစ်နိုင်တဲ့အတွက် ပိုပြီး စိတ်မကောင်းဖြစ်မိပါတယ် ...
( ဒီပို့စ်လေးက ကျွန်တော့်ရဲ့ ပို့စ် ၁၀၀ ပြည့် အမှတ်တရပါပဲ )
8/27/2008
27.8.2008
ဒီနေ့မှာ ကျွန်တော် ( ၂၉ )နှစ် ပြည့်ပါတယ် ..
ကိန်းဂဏန်းတစ်ခုအနေနဲ့ ကြီးလာတာကလွဲလို့ .. ကျွန်တော့် အတွက် ဘာမှ မထူးပါဘူး ..
အခုထိလည်း ကျွန်တော်ဟာ ဘာမှ မဟုတ်သေးပါဘူး ..
လူတွေကတော့ သတ်မှတ်ကြတာပဲ မွေးနေ့ရယ်လို့ .. ကျွန်တော့်အတွက်တော့ မွေးနေ့က 27.8.1979
ဒီနေ့က ( ၂၉ )နှစ်ပြည့်တဲ့နေ့ ... မွေးနေ့ မဟုတ်ပါဘူး ..
8/20/2008
8/17/2008
တောကိုတိုးလို့ တောင်ကိုတက်
လွန်ခဲ့သော (၁၅)နှစ်ကျော်က ဘုရားဖူးကားဖြင့် ဘုရားစုံဖူးရင်း ကျိုက်ထီးရိုးဘုရားကို ရောက်ရှိခဲ့ဖူးပါတယ် .. သူငယ်ချင်းတွေ့နဲ့အတူ မနက်စောစော (၅)နာရီလောက်မှ ကျိုက်ထီးရိုးတောင်ပေါ်ကို စတင်တက်ရောက်ခဲ့ရာ လမ်းတစ်လျှောက်မှာ တက်လိုက် .. မောလိုက် .. နားလိုက် .. ကစားလိုက် .. ပျော်လိုက် .. နောက်လိုက် နဲ့ တရွေ့ရွေ့ .. သွားရင် .. နားရင်း .. စားရင်း နဲ့ နေ့လည်(၁၂)နာရီလောက်မှာ ကျိုက်ထီးရိုးဘုရား ရင်ပြင်ပေါ်ကို ရောက်ရှိခဲ့ပါတယ် .. ကျိုးထီးရိုးဆံတော်ရှင် စေတီတော်မြတ်ကို ရှိခိုးဦးခိုက်ရင်း .. ဆုတွေအမျိုးမျိုးတောင်ခဲ့သလို .. နောင်အခါအခွင့်သင့်ရင် ဆံတော်ရှင်စေတီတော်မြတ်ကို ထပ်မံ ဦးခိုက်ရပါလို၏ လို့ ဆုတောင်းမိပါတယ် ...
ဘုရားစုံဖူးပြီး နောက်ဆုံးမှ ရောက်တာဖြစ်လို့ ခရီးပန်းလာသည်ကတစ်ကြောင်း .. တောင်ပေါ်ခရီးကို ပထမဆုံးအကြိမ်း တက်ဖူးသည်ကတစ်ကြောင်း၊ တောင်ပေါ်တက်ရင်း လမ်းတစ်လျှောက် မိုးရွာလို့ မိုးမိလာသည်ကတစ်ကြောင်း ... အကြောင်းပေါင်းစုံပြီး ကျွန်တော်မှာ ဆံတော်ရှင်စေတီကို ဦးခိုက်လို့လည်းပြီး .. အဖျားတွေတက်ပြီး .. ရင်ပြင်ပေါ်မှာတင် အိပ်ရင်းသူငယ်ချင်းများကို စောင့်နေခဲ့ရပါတယ် .. ကျိုက်ထီးရိုးဘုရားကို ဦးခိုက်မိရုံကလွဲပြီး ဘယ်နေရာကိုမှ မရောက်ခဲ့ဘူး .. ဘယ်မှလည်း မသွားနိုင်ခဲ့ဘူး ...
နေ့လည်(၃)နာရီလောက်မှ အဖွဲ့အားလုံးက ပြန်ဆင်းမှာဖြစ်လို့ ကျွန်တော်လည်း အီလည်လည်နဲ့ ဆံတော်ရှင်စေတီကို နောင်အခါများမှာ အေးချမ်းစွာ ထပ်မံဦးခိုက်ရပါလို၏ လို့ပဲ ဆုတောင်းရင်း ပြန်ဆင်းခဲ့ရပါတယ် ... ဘာကြောင့်မှန်းတော့ မသိဘူးဗျာ.. ပြန်ဆင်းလို့ လမ်းတက်ဝက်လောက်ရောက်တော့ ဖျားနေတာတွေ အကုန်ပျောက် .. လူများတွေ ခရီးပန်းချိန်မှ ကိုယ်က လန်းနေရတယ် .. ညနေ (၆)နာရီကျော် လောက်မှာ တောင်ခြေ ကင်ပွန်းစခန်းကို ပြန်ရောက်ခဲ့ပြီး .. အိမ်အပြန်ခရီးကို စတင်ခဲ့ရပါတယ် .. ပထမဦးဆုံးအကြိမ် ခရီးထွက်ဖူးခြင်းနဲ့ တောင်ပေါ်ဒေသ .. တောင်တက်ခရီးကို စတင် တက်မိခြင်းပါ ...
ဒုတိယအကြိမ်ခရီးစဉ်ကိုတော့ (၂၀၀၃)ခုနှစ်လောက်မှ သွားဖြစ်ပါတယ် .. ဒီခရီးကတော့ အများနဲ့မဟုတ်ဘဲ ညီတစ်ယောက်နဲ့ သီးသန့်သွားတဲ့ခရီးစဉ်ပါ .. ကျိုက်ထီးရိုးတောင်ခြေ ကင်ပွန်းစခန်းကို မနက်စောစောပိုင်း လောက်မှာရောက်ပြီး .. တောင်ပေါ်ခရီးကိုတော့ ကားနဲ့တက်ဖြစ်ပါတယ် .. နေ့လည်ပိုင်းလောက် တောင်ပေါ်ရောက်ပြီးတာနဲ့ တည်းခိုခန်းကိုဝင် .. ရေမိုးချိုးပြီးတာနဲ့ ဆံတော်ရှင်စေတီကို ဦးခိုက်မိပါတယ် .. ည(၁၀)နာရီလောက်ထိ ဘုရားရင်ပြင်မှာပဲနေဖြစ်ပါတယ် .. နောက်နေ့မှာ အနီးအပါးနေရာစုံကို နှံ့အောင်လျှောက်သွားမိပါတယ် .. ဒုတိယတစ်ည ထပ်မံအိပ်ပြီး နောက်နေ့မနက် ဆံတော်ရှင်စေတီကို ဦးခိုက်ပြီး အပြန်ခရီးကိုလည်း ကားနဲ့ပဲဆင်းဖြစ်ပါတော့တယ် ....
ကျိုက်ထီးရိုးစေတီတော်ကို ခြေလျှင်တောင်တက်လမ်းမှ ထပ်မံသွားဖို့ ကြိုးစားသော်လည်း အခုချိန်ထိ မရောက်ဖြစ်နိုင်သေးပါဘူး ..
ဒါပေမယ့်လည်း အခုတစ်ခါတော့ တောင်တက်ခရီးလမ်းတစ်ခုကို (၁၃-၈-၂၀၀ဂ)နေ့မှာ စတင်မိပါတယ် ..
ကျိုက်ထီးရိုးလို ဘုရားဖူးခရီးစဉ်မဟုတ်ဘဲ .. လုပ်ငန်းကိစ္စဖြင့် သွားရတဲ့ တောင်ပေါ်ခရီးစဉ်ပါ ..
ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၄၅၀၀)ကျော်မြင့်ပြီး တောင်တက်ခရီးလမ်း( ၇ )မိုင်ကျော်ဝေးပါတယ် ..
မနက်(၇)နာရီလောက် နေအိမ်ကနေ ဆိုင်ကယ်(၂)စီးနဲ့ လူ(၃)ယောက် ရဲ့ တောင်တက်ခရီးစဉ် စတင်ပါတယ် .. မနက်(၉)နာရီလောက်မှ တောင်ခြေကိုရောက်ပါတယ် .. တောင်တက်ခရီးစဉ် မစတင်ခင် တောင်ခြေမှာ ရှိနေတဲ့ စေတီလေးကို ၀င်ရောက်ဦးခိုက်ရင်း ခရီးလမ်းတစ်လျှောက် အဆင်ပြေချောမွေ့ပြီး လုပ်ငန်းကိစ္စတွေ အောင်မြင်စေဖို့ ဆုတောင်းမိပါတယ်...
ပြီးခဲ့တဲ့ရက်များက မိုးက ရက်ဆက်ဆိုသလို ရွာထားတော့ ခရီးစဉ်တစ်လျှောက် ဗွက်ရော .. အိုင်ရော ဖြတ်ခဲ့ရပါတယ် .. ခရီးလမ်းကလည်း အမြဲတမ်းခရီးသွားလမ်းမဟုတ်တော့ .. တောတောင်ထဲမှာ ဖြစ်သလို သွားနေရတာပါ .. မြေပြင်ကလည်း ချော .. တဲ့အပြင် ချိုင့်တွေ ကျင်းတွေနဲ့ဆိုတော့ ပါလာတဲ့ ဆိုင်ကယ်တွေကို တွန်းလိုက် မြှောက်လိုက်နဲ့ .. ဆိုင်ကယ်က လူကို ပြန်စီးတဲ့ ခရီးပါ .. ကံကောင်းတာက ရာသီဥတု သာယာနေတာလေးတစ်ခုပါ ... ခရီးလမ်းတစ်လျှောက်လည်း သွားတဲ့အချိန်ထက် နားတဲ့ အချိန်က ပိုများနေသလိုပါဘဲ .. နေ့လည်(၁၂)နာရီလောက်မှာ ခရီးစဉ်ရဲ့ တက်ဝက်ကျော်ကျော်လောက်ပဲရောက်သေးတဲ့ အပြင် တောင်ကလည်း ပိုမတ်လို့လာပါတယ် .. ဆိုင်ကယ်တွေကို ယူမသွားနိုင်တော့တာနဲ့ တောထဲမှာပဲ ထားခဲ့ရပါတယ် ..





နေ့လည်(၁)နာရီလောက်ရောက်တော့ ပါလာတဲ့ ရေသန့်ဗူး(၅)ဗူးကလည်း (၁)ဗူးပဲကျန် .. အချိန်ကလည်းလွန်လာတော့ ဗိုက်ကလည်း ဆာ .. တော်သေးတာပေါ့ ရိက္ခာအပြည့်အစုံ ယူလာမိပေလို့ .. ခေါက်ဆွဲခြောက်ထုပ်တွေကိုပဲ ဒီအတိုင်းဖောက်စားရင်း .. လ္ဘက်အသားလေးဝါးရင်းနဲ့ ဆာလောင်မှုကို နှစ်သိမ့်ရပြန်ပါတယ် ..


ဒီလိုနဲ့ နားရင်း .. သွားရင်းနဲ့ နေ့လည်(၂)နာရီကျော်လောက်မှ ခရီးလမ်းအဆုံး တောင်ထိပ်ကို ရောက်ခဲ့ပါတယ် ..
ညနေ(၅)နာရီမှာတော့ အပြန်ခရီးကို စတင်ရပါတယ် .. အပြန်ခရီးက လာစဉ်အခါကလို အတက်ခရီးမဟုတ်တော့ အနည်းငယ်သက်သာပါတယ် .. ဒါပေမယ့် တက်စဉ်က တွန်းထိုးပြီး တင်ခဲ့တဲ့ ဆိုင်ကယ်တွေက အဆင်းမှာ သတိထားရပါတယ် .. မြေပြင်ကချောနေတော့ ပိုလို့ သတိထားရတယ် ...
ည(၈)နာရီကျော်လောက်မှ တောင်ခြေကို ပြန်ရောက်ပါတယ် ... တောင်ခြေက စေတီကို ထပ်မံဦးခိုက်ရင်း ခရီးစဉ်တစ်လျှောက် ဘာအန္တရာယ် .. ဘာအနှောက်အယှက်မှ မရှိဘဲ အေးချမ်းအောင်မြင်စွာ ပြန်လည်ရောက်ရှိလာတဲ့အတွက် ဘုရားရှင်ရဲ့ဂုဏ်တော်ကို ကျေးဇူးတင်ချီးမွမ်းမိပါတယ် .. ဒီစေတီလေးကို ရွှေသင်္ကန်းကပ်ရပါလို၏လို့ ဆုတောင်း အဓိဋ္ဌာန်မိတဲ့အချိန်မှာ စေတီမှာရှိနေတဲ့ ခေါင်းလောင်းများစွာထဲက ခေါင်းလေးငယ်လေးတစ်လုံးက ထူးခြားစွာ အသံမြည်လာပါတယ် ... ကြက်သီးများပင်ထမိပြီး သာဓုအကြိမ်ကြိမ် ခေါ်ဆိုမိပါတယ် .. ပြုခဲ့ဖူးသမျှ ကုသိုလ်ကောင်းမှု အစုစုတို့ကိုလည်း အမျှအတန်း ပေးဝေမိပါတယ် ... တောင်ခြေရောက်မှ ညစာစားရင်းနားရပါတယ် .. ည(၉)နာရီလောက်မှာ အဆုံးသတ်ခရီးကို နှင်ခဲ့တာ ည(၁၁)နာရီကျော်မှ အိမ်ကို ပြန်ရောက်ပါတော့တယ် ..
တစ်နေ့တာ တောင်တက်ခရီးသွားခဲ့ပြီး နောက်နေ့မနက်မှာတော့ လူတစ်ကိုယ်လုံး လှုပ်မရလောက်အောင် နာကျင်ကိုက်ခဲခြင်း ဝေဒနာကို ခံစားရပါတော့တယ် .. (၂)ရက်လောက် ဘာမှ မလုပ်ချင်လောက်အောင် ဖြစ်ခဲ့ရပါတယ် ..
ဘ၀တစ်သက်တာ အမှတ်တရဖြစ်စရာ တောင်တက်ခရီးစဉ်တစ်ခုကတော့ ဒီနေရာမှာပဲ ပြီးဆုံးပါပြီ ..






















