အသက်က (၂၀)၀န်းကျင်မျှသာ ရှိဦးမည်။ မျက်နှာလေးက ချောမောပြီး ခန္ဓာကိုယ် အချိုးအစားက (၃၂-၂၃-၃၃)။ နောက်ပြီးတော့ အိမ်မှုကိစ္စ အ၀၀ကိုလည်း တာဝန်ယူထားသေးသည်။ ခင်ပွန်းအပေါ်မှာလည်း အပြုစု၊ အယုယကောင်းသည်။ ထိုသို့သော မိန်းကလေးမျိုး ခေတ်သစ် တော်လေး၀၀င်အဖြစ် ဂုဏ်တင် ခိုင်းနှိုင်းပါက လွန်အံ့မထင်ပါ။
သို့သော်လည်း ထိုမိန်းမချောလေး အေကို(Aiko)သည် လူသားစင်စစ် မဟုတ်ခြင်းကတော့ နှမျောစရာ ကောင်းလှပါသည်။ သူမသည် စက်ရုပ်လေး တစ်ရုပ်ဖြစ်သည်။ အသက်(၃၃)နှစ်ရှိ လီတရွန်က သူမအား နှစ်နှစ်ကြာမျှ အချိန်ယူပြီး တီထွင်ခဲ့ခြင်းဖြစ်သည်။
ကနေဒါနိုင်ငံ၊ အွန်တေရီယိုတွင် နေထိုင်သော ကွန်ပျုတာ ပညာရှင်လီသည် အေကိုအား အလုံးစုံ ပြီးပြည့်စုံသော စက်လူရုပ်ဖြစ်လာအောင် ဆက်လက်ကြိုးစား ဆောင်ရွက်သွားဦးမည်ဖြစ်ပြီး ယခုအချိန်ထိ အေကိုအား တီထွင်စရိတ် ပေါင်စတာလင်(၁၄,၀၀၀)ကျော် ကုန်ကျထားပြီးဖြစ်သည်။ လီက သူမအား ဇနီးမယားအဖြစ် ပေါင်းသင်းနိုင်ရန် တီထွင်ထားခြင်း ဖြစ်သည်။ လီသည် အေကိုအား Star Warsရုပ်ရှင်များမှ C3POစက်ရုပ်ကဲ့သို့ ဖြစ်လာစေရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။အေကိုနှင့်ပတ်သတ်ပြီး တီထွင်သူလည်းဖြစ်၊ ခင်ပွန်းလင်လည်းဖြစ်သော လီက "အေကိုသည် သိပ္ပံပညာနှင့် အလှတရားတို့ ပေါင်းစပ်ထားသည့် ရလဒ်အမြုတေတစ်ခုဖြစ်သည်"ဟု မှတ်ချက်ပြု ပြောဆိုခဲ့သည်။
အေကိုသည် မနက်စောစောတိုင်း သတင်းစာ ခေါင်းကြီးပိုင်းများကို ခင်ပွန်းသည်အား ဖတ်ပြလေ့ရှိသည်။ ညနေပိုင်းတွင် ညစာအတူ ထွက်စားသည်။ ထို့အပြင် ဇနီးမောင်နှံနှစ်ဦးတို့သည် မြို့ထဲတွင် ကားတစ်စင်းနှင့် မကြာခဏ လျှောက်လည်တတ်ကြောင်း မျက်မြင်များက ပြောဆိုသည်။ လိင်ပိုင်းဆိုင်ရာ အာရုံခံစားမှုအတွက် အေကိုတွင် အသုံးပြုထားသော Softwareများက အလိုအလျောက် လှုံ့ဆော်တက်ကြွလာစေကြောင်း ရှင်းပြခဲ့သည်။
ယခုအခါ လီသည် အေကိုအား လူနှင့်ပိုတူလာစေရန် ဆက်လက်တီထွင်နိုင်ရေးအတွက် ငွေကြေးထောက်ပံ့မည့် ပုဂ္ဂိုလ်ကို ရှာဖွေနေသည်။ အေကိုမှာ ဆီလီကွန်များဖြင့် ဖွဲ့စည်းထားပြီး လူ့အသားအရေနှင့် ချွတ်ဆွတ်တူအောင် ပြုလုပ်ထားသည်။ ၀ိုင်အနည်းငယ် သောက်နိုင်ပြီး အစားအသောက်ကို ကျွေးလည်းရ၊ မကျွေးလည်းရသည်။ နားချိန်မယူဘဲ (၂၄)နာရီ အလုပ်လုပ်နိုင်ပြီး စကားများခြင်း၊ ငြူစူရန်ဖြစ်ခြင်း လုံးဝမရှိသော အေကိုမှာ စံပြအိမ်ထောင်ရှင်မဟု လီက ချီးကျူးခဲ့သည်။
လီသည် ၎င်း၏တီထွင်မှု နည်းပညာ အဆင့်ဆင့်ကို ဖြန့်ဖြူးပေးရန် ငြင်းဆိုခဲ့ပြီး အလုံးစုံ ပြီးပြည့်စုံပြီဟု ယူဆရမှသာ နည်းပညာပိုင်း ဖွင့်ထုတ်ကြေညာမည်ဟု ပြောကြားသွားသည်။လီက ၎င်း၏ဇနီးအား လာရောက် ကြည့်ရှုကြသည့် လူအများတွင် မိန်းမများက အေကိုနှင့် စကားပြောချင်ကြပြီး ယောက်ျားများကမူ အေကိုအား ကိုင်တွယ်ကြည့်လိုကြောင်း ရယ်မောပြီး ရှင်းပြနေချိန်တွင် စက်ရုပ်ဇနီးလေး အေကိုကမူ ခင်ပွန်းသည် လီ၏နေအိမ်အား သန့်ရှင်းရေးလုပ်ရင်း မအားမလပ်နိုင် ရှိနေဆဲပင်။
အေကိုအား ယခုထက်ပိုသည့် အဆင့်မြှင့်မှုများ ပြုလုပ်ပြီးပါက လူသားအကျိုးပြု အိမ်အကူစက်ရုပ်များ တီထွင်နိုင်မည့် ခေတ်တစ်ခေတ်ကို ချဉ်းနင်းဝင်ရောက်လာနိုင်ဖွယ်ရှိကြောင်း လီကအဆုံးသတ် ပြောဆိုသွားခဲ့သည်။ အေကိုအား ဖန်တီးတီထွင်ခဲ့သည့် လီက ၎င်းအတွက် အဓိကစိန်ခေါ်မှုမှာ အေကို လမ်းလျှောက်နိုင်ဖို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အိမ်ရှင်မ စက်ရုပ်လေးအေကိုနှင့် ပတ်သက်၍ အသေးစိတ်သိလိုပါက http://www.projectaiko.com တွင်လည်း သွားရောက် လေ့လာနိုင်ကြောင်း သိရသည်။
1/09/2009
အိမ်ထောင်ရှင်မလေး အေကို (Aiko)
1/08/2009
Myanmar Fonts
ကွန်ပျူတာမှာ မြန်မာစာလုံး အခက်အခဲ ဖြစ်နေသူတွေအတွက်
မြန်မာဖောင့်တော်တော်များများကို တစ်နေရာတည်းမှာ စုစည်းပေးထားတဲ့ ဆိုဒ်တစ်ခုပါ
ကျွန်တော်လည်း ရှာရင်းဖွေရင်းနဲ့ တွေ့မိလို့ ဆက်လက်ဖြန်ဝေပေးပါတယ် ..
ဒီနေရာမှာ .. သွားကြည့်ပါနော်
1/07/2009
အကောင်းဆုံးသော အားပေးစကား
သင်မြတ်နိုးတဲ့ အိမ်ဂေဟာနဲ့ မိုင်ပေါင်းများစွာ ဝေးကွာတဲ့နေရာမှာ သင်ရောက်နေတဲ့ အခါ..
သင့်ခြေဖ၀ါးအောက်မှာ သင်နဲ့ မရင်းနှီးတဲ့မြေ၊ သင့်ဦးခေါင်းထက်မှာက သူစိမ်းဆန်တဲ့ မိုးကောင်းကင်၊
သင့်ပတ်ဝန်းကျင်က သူစိမ်းတရံဆန်တွေ နဲ့ မနက်ကနေ ညနေထိ တစ်နေကုန်ပြောဆိုဆက်ဆံနေရငြား ..
သင့်အား သတိရနေတဲ့ တစ်စုံတစ်ယောက်ရှိတယ်ဆိုတာ မမေ့ပါနဲ့ ။
ဘေးအန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အခါ၊ စိတ်ရောကိုယ်ပါနွမ်းနယ်တဲ့အခါ၊
ကိုယ့်ရဲ့ယုံကြည်ချက်ဟာ အဟောသိကံပဲလို့သံသယ၀င်လာတဲ့အခါ ..
တစ်စုံတစ်ယောက်ကသင့်ကို သတိရနေတယ်ဆိုတာ သတိရပါ ..
တစ်စုံတစ်ဦးက သတိတရရှိနေတယ်.. တစ်စုံတစ်ယောက်က ဂရုစိုက်ကြင်နာတယ်..
တစ်စုံတစ်ယောက်သောသူရဲ့ ဆုတောင်းစကားသံထဲမှာ သင့်ရဲ့အမည်နာမကို တီးတိုးရေရွတ်နေတာ ..
သင်ဘယ်နေရာ ရောက်ရောက်.. ဘာတွေဖြစ်နေဖြစ်နေ သင့်ကို သတိရနေသူ တစ်စုံတစ်ယောက်ရှိနေတာမို့
သင် အားတင်းထားပါ. သင့်အနာဂတ်ထွန်းတောက်လာဖို့ ကြိုးစားရမှာ အမှတ်ရပါ ...
(ဒီ အားပေးစကားလေး ပို့ပေးတဲ့ မနွေး ကို ကျေးဇူးတင်ပါတယ်)
1/04/2009
1/03/2009
Year Of Ox . . .
2008 ခုနှစ်ကို ကုန်လွန်လို့ 2009 ခုနှစ်ကို ကူးပြောင်းသွားခဲ့ပါပြီ ..
တရုတ်ရိုးရာ နှစ်သစ်ကူးပွဲကတော့ မကြာခင်ကာလအတွင်းမှာ ရောက်လာတော့မှာပါ ..
2008 ခုနှစ်ကို တရုတ်ရိုးရာအရ ကြွက်နှစ် အဖြစ်သတ်မှတ်ထားပြီး 2009 ခုနှစ်ကို နွားနှစ်အဖြစ် သတ်မှတ်ထားပါတယ်။
2009 ခုနှစ်ကို နွားနှစ်အဖြစ် သတ်မှတ်ထားတယ်ဆိုတာကို သိလိုက်ရတဲ့ ကျွန်တော် .. တော်တော် တုန်လှုပ်သွားမိပါတယ် .. နွားဆိုတဲ့ သတ္တ၀ါက အမြဲတမ်း ရုန်းကန်နေရတဲ့ ဘ၀ .. နွားနှစ်မှာ ကျွန်တော်တို့ ဘယ်လောက်ထိ ရုန်ကန်ရဦးမှာလည်း .. ကြွက်နှစ်မှာတုန်းကလည်း ကြွက်တစ်ကောင်လို ခိုးချောင်ခိုးဝှက်နဲ့ကို နေခဲ့စားခဲ့ရပါတယ် .. ဒီနှစ် နွားနှစ်ဆိုတော့ စိုင်းစိုင်း စကားနဲ့ ပြောရရင် .. “ သေပြီဆရာ ”
2009 ခုနှစ်မှာ ကျွန်တော့် ဘ၀ရဲ့ အကြီးမားဆုံး ပြောင်းလဲမှုကြီးတစ်ခုကို စတင်ဖို့ ရည်ရွယ်ထားတဲ့နှစ် ..
ဒီအတိုင်းသာဆို .. နွားနှစ်မှာ .. သေပြီဆရာ .
1/01/2009
မင်္ဂလာရှိသော ၂၀၀၉
2008 ခုနှစ်ရဲ့ နောက်ဆုံးလင်းရောင်ခြည် .. ၀မ်းနည်းစွာ နှုတ်ဆက်ထွက်ခွာသွားသူရဲ့ အပြုံး2008 ခုနှစ်ရဲ့ နောက်ဆုံးလင်းရောင်ခြည်ကို ဓါတ်ပုံရိုက်ပြီး .. ညပိုင်း New Year ရှုခင်းလေးကို ဓါတ်ပုံရိုက် မှတ်တမ်းတင်မယ်လို့ စဉ်းစားထားတာ .. ညရောက်တော့မှ သိလိုက်ရတယ် . ကင်မရာဓါတ်ခဲက အားကုန်နေပြီ ။
နောက်နေ့ မနက်စောစော ၅ နာရီလောက်ကတည်းက ဘုရားကိုသွား .. ဘုရားကုန်းတော်ပေါ်ကနေ 2009 ခုနှစ်ရဲ့ ပထမဆုံးလင်းရောင်ခြည်ကို မှတ်တမ်းတင်မယ်လို့ စဉ်းစားထားတာတွေလည်း သွားပါပြီဗျာ ..
မနက်စောစော ဓါတ်ခဲ ၀ယ်လို့ရဖို့ကလည်း မလွယ်ဘူးလေ .. ဒါနဲ့ပဲ စိတ်ညစ်ညစ်နဲ့ Happy New Year ကို အိပ်ယာထက်ကနေပဲ ကြိုဆိုလိုက်ပါတယ်ဗျာ ..
2009 ခုနှစ်ရဲ့ မနက် 6:30 မှာ အိပ်ယာက နိုးနိုးချင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ နေမင်းရဲ့ အလင်းရောင်ကို မတွေ့ရသေး .. ကျွန်တော် အားတက်သွားတယ် .. ချက်ချင်းထ မျက်နှာသစ်ပြီးတော့ အိမ်အောက်ကို (အိမ်ခန်းက ၅ ထပ်မှာ) ပြေးဆင်း ဓါတ်ခဲရောင်းတဲ့ဆိုင် ဖွင့်တာနဲ့ အဆင်သင့်ပဲ ဓါတ်ခဲဝယ် .. အိမ်အပေါ် ခေါင်မိုးပေါ်ကနေ ရိုက်မယ်လို့ စဉ်းစားထားတာ ဘေးလှေခါးက ခုချိန်ထိမဖွင့်သေး (အရင်ဆို မနက် 5:30 ဆိုဖွင့်ပြီ) .. ဟား .. စိတ်ကိုညစ်ရော .. ဒါနဲ့ပဲ တောင်ပေါ်သွားရိုက်မယ်ဆိုပြီး သွားနေကျ ဆိုင်ကယ် Taxi ကို လှမ်းခေါ်ဖို့အလုပ် .. ဟိုက် .. ဖုန်းကျန်ခဲ့ပြီ ၊ ဒါနဲ့ပဲ အိမ်ပေါ်ကို ပြေးတက် ဖုန်းကိုယူ Taxi ခေါ်၊ Taxi သမားကလည်း အိမ်အောက်ရောက်တာနဲ့ ဖုန်းဆက်တယ် .. “ခရီးသွားတစ်ယောက်ရလို့ လိုက်ပို့ချင်လို့ ခဏ စောင့်ပေးနိုင်မလား” တဲ့ .. နိုး နိုး နိုး မဖြစ်ဘူး .. ငါက အရေးကြီးတယ် . တော်ကြာ နေမြင့်သွားရင် ရိုက်လို့အဆင်မပြေတော့ဘူး .. ဒါနဲ့ပဲ ခရီးသည် ခဏထားခဲ့ ငါ့အရင် တောင်ပေါ်ပို့ပဲ လုပ်ရတော့တယ် .. ခုမှပဲ တိုက်ဆိုင်နေလိုက်တာ .. တောင်ပေါ်ရောက်လို့ ဓါတ်ပုံ ရိုက်တဲ့ အချိန်က မနက် 7:00 ထိုးပြီ။ တော်ပါသေးသည် ရှင်နေမင်းကို အဆင်ပြေပြေ ဓါတ်ပုံ ရိုက်လို့ ရခဲ့လို့ .. တိမ်တွေကလည်း လှပစွာ ခြယ်မှုန်းပေးထားသေး။
ဓါတ်ပုံရိုက်ပြီးတော့ တစ်ခါတည်း မနက်စာ စားမယ်ဆိုပြီး စားနေကျဆိုင်ကို သွားလိုက်ပါတယ် .. ထုံးစံအတိုင်း မှာလိုက်ပါတယ် စားနေကျ မုန့်ဟင်းခါး .. စားပွဲထိုးလေးက လာပေးတော့မှ ဟိုက် လွဲပြန်ပြီ .. ငြုပ်သီးတွေနဲ့ . ကျွန်တော် မုန့်ဟင်းခါးစားတိုင်း ဘယ်တော့မှ ငြုပ်သီးမထည့် .. မထည့်ဖို့ကိုလည်း အမြဲမှာဖြစ်တယ် .. ဒီနေ့တော့ စားနေကျဆိုတော့ သူတို့လည်း သိနေပြီးဖြစ်တဲ့အတွက် မမှာလိုက် .. ကျွန်တော်က ငြုပ်သီးကြောက်သည်။ ထည့်လာမှတော့ မထူးပါဘူး စားလိုက်တော့သည်။ အင်း 2009 ခုနှစ်ရဲ့ နှစ်စမှ မျက်ရည်ကျလိုက်သည် (စပ်လို့)။ စားသောက်ပြီး တစ်ခါတည်း ဈေးသွားမယ်ဆို လုပ်လိုက်တော့မှ .. ဟောဗျာ .. ဈေးသွားလို့ မဖြစ်သေးတဲ့ အကြောင်းက ပေါ်လာလို့ . အိမ်ပေါ်ကို အမြန်ပြန်တက်ပြေးခဲ့ရပါတယ်ဗျာ ။
ဒီလိုနဲ့ 2009 ခုနှစ်ရဲ့ ပထမဆုံး လင်းရောင်ခြည် ကို အလွဲများစွာနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ..
နှစ်စမှာ လွဲခဲ့သမျှဟာ .. တစ်နှစ်စာအတွက် စတင်လွဲမှားခြင်း၊ တစ်နှစ်စာ အလွဲများရဲ့ နိဒါန်း မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေမိပါတော့တယ် ..
12/31/2008
နှစ်သစ်ကို ရင်ခုန်စွာ စောင့်ကြစို့
New Year ရောက်ဖို့ ဘယ်လောက်လိုသေးတယ်ဆိုတာ စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရအောင်
12/28/2008
နေအိမ်ကလေး အလှဆင်နိုင်ဖို့ ..













မိတ်ဆွေစစ်
မိတ်ဆွေစစ်ဆိုတာ .......
(၁) ပေးနိုင်ခဲတဲ့ပစ္စည်းကို ပေးတယ် ။
(၂) ပြုနိုင်ခဲတဲ့အမှုကိစ္စကို ပြုလုပ်ဆောင်ရွက်ပေးတယ် ။
(၃) သည်းခံနိုင်ခဲတဲ့အမှုကို သည်းခံတယ် ။
(၄) သူ့ရဲ့လျှို့ဝှက်ချက်ကို ဖွင့်ပြောတယ် တိုင်ပင်တယ် ။
(၅) မိမိလျှို့ဝှက်ချက်ကို အခြားသူအား မပြောဘဲ လျှို့ဝှက်ထားတယ် ။
(၆) ဘေးအန္တရာယ်ကြုံလာတဲ့အခါ မိမိကို မစွန့်ခွာဘူး ။
(၇) ဥစ္စာကုန်ခန်းတဲ့အခါ ဆင်းရဲတဲ့အခါ မိမိကိုမထီမဲ့မြင် မပြုဘူး ။
မိတ်ဆွေအတုအယောင် လေးယောက် ...
(၁) မိမိထံမှပစ္စည်းငွေကြေးကို ယူပဲ ယူတတ်သူ ၊ ပြန်မပေးတတ်သူ ။
(၂) လက်တွေ့မပါ စကားနဲ့ပဲ ပေးတတ်သူ ။
(၃) မှန်မှန် မှားမှား အကြိုက်ကိုပဲ လိုက်ပြီးပြောတတ်သူ ။
(၄) ဘ၀ပျက်စီးကြောင်းတွင် အပေါင်းအသင်းဖြစ်သူ ။
(၁) ယူပဲယူတတ်တဲ့ မိတ်ဆွေရဲ့သဘော သဘာဝမှာ ....
မိမိကိုနည်းနည်းပေးပြီး မိမိဆီက များများပြန်ရချင်တယ် ။
သူ့အတွက်ဘေးဒုက္ခရောက်မှ ကိုယ့်ကိုသတိရတတ်တယ် ။
သူ့ကိုယ်ကျိုးအတွက်ပဲ ပေါင်းသင်းတယ်။
(၂) စကားနဲ့ပဲပေးတတ်တဲ့ မိတ်ဆွေသဘာဝ ....
လွန်ပြီးတဲ့အရာနဲ့ ချီးမြှောက်တယ် ။
မဖြစ်သေးတဲ့အရာနဲ့ ချီးမြှောက်တယ် ။
အချီးအနှီးဖြစ်တဲ့ လောကွတ်စကားနဲ့ ချီးမြှောက်တယ် ။
ဖြစ်ဆဲကိစ္စ၌ ပျက်ဆီးခြင်းကိုပြတယ် ။
(၃) အကြိုက်ကိုလိုက်၍ပြောတတ်တဲ့ မိတ်ဆွေသဘာဝ ....
မကောင်းမှုလုပ်တာကိုလဲ ခွင့်ပြုတယ် ။
ကောင်းမှုလုပ်တာကိုလဲ ခွင့်ပြုတယ် ။
မိမိရှေ့တွင် မိမိကို ချီးမွမ်းပြောဆိုတယ် ။
မိမိကွယ်ရာတွင် မိမိမကောင်းကြောင်းကိုပြောတယ် ။
(၄) ပျက်စီးကြောင်းတွင် အပေါင်းအသင်းဖြစ်သူမိတ်ဆွေ ....
သေရည်အရက်သောက်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ် ။
အချိန်အခါမဲ့ လည်ပတ်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ် ။
ပွဲလမ်းသဘင်ကြည့်ရှုတဲ့အခါမှာ အပါင်းအသင်းဖြစ်တယ် ။
လောင်းကစားလုပ်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ် ။
နှစ်သစ်မှာ ..
ပျော်ရွှင်ဖွယ်ရာများနဲ့အတူ မိတ်ဆွေစစ်များနဲ့သာ ဆုံတွေ့နိုင်ကြပါစေ ..
အုတ်လမ်းက ကြီးတော်
ဒီလိုပါဗျာ..။
တစ်နေ့ ကိစ္စရှိလို့ မြို့ထဲ အသွား သူငယ်ချင်းတစ်ယောက်က ကျွန်တော့် ကို ဖုံးလှမ်းဆက်တယ်..။
"ဟေ့ကောင် online တတ်ခဲ့ဦး..."တဲ့။
ဒါနဲ့ ပြန်ပြောလိုက်တယ်.." ဟာ..အိမ်မှာ မဟုတ်ဘူးကွ..မြို့ထဲရောက်နေတယ် "ဆိုတော့..
" ရောက်ရာ အရပ်က တတ်ခဲ့ကွာတဲ့.."။
ဒါနဲ့ နီးစပ်ရာ မြန်မာဆိုင်ကနေ online တတ်ပြီး သူငယ်ချင်းနဲ့ စကားပြောနေတုန်း...
ဆိုင်ထဲကို ယောင်လည်လည် နဲ့ "တ၀မ်းပူ"လေးတစ်ကောင်ဝင်လာတယ်..။ (တ = တောသား)
ပြီးတော့ ဆိုင်ရှင် အကိုကြီးကိုပြောတယ်... "အကို ကျွန်တော် ကြီးတော် နဲ့ ပြောလို့ရမလား" တဲ့.။
ဆိုင်ရှင်အကိုကြီးမပြောနဲ့ ကျွန်တော်တို့တောင်မှ ကြောင်သွားတယ်..။
ဆိုင်ရှင် အကိုကြီးက " ဘာ..ဘာဗျ..".ဆိုတော့
" ကျွန်တော့်ကြီးတော် နဲ့ ပြောချင်လို့လေ.." တဲ့..ထပ်ပြောတယ်...။
ဟာ..မင်း..ကြီးတော်နဲ့ ပြောတာ ငါတို့က ဘယ်လိုလုပ်သိမှာလဲ..။ မင်းဖာသာ မင်းပြောပေါ့ကွ..ဆိုတော့..
သူက ဟာ..ကျွန်တော် မသိလို့ ခင်ဗျားကိုမေးတာပေါ့ဗျ...။
ဒါနဲပဲ မနေနိုင်မထိုင်နိုင် ၀င်မေးမိတော့..
" နေပါဦးကွ..မင်း ကြီးတော်က ဘယ်မှာနေတာလဲ.." ဆိုတော့မှ...အဖြစ်မှန်ကိုသိရတော့တယ်...။
" ကျွန်တော် ရွာက ထွက်လာတော့ ရန်ကုန်မှာတည်းတဲ့ ဘကြီးဘုန်းကြီးက ပြောလိုက်တာလေ..
မင်း မလေးရှားရောက်ရင် ဖုန်းပြောတာက ဈေးကြီးတယ်...။
အင်တာနက်ဆိုင်ကို ရှာပြီးသွား..ပြီးရင် ကျွန်တော် ကြီးတော် ပြောချင်လို့ပါဆို သူတို့ လုပ်ပေးလိမ့်မယ်...တဲ့ "။
အဲတော့မှပဲ..ကျွန်တော်တို့ အပတ်လည်တော့တယ်ဗျာ....။
သူပြောချင်တဲ့...ကြီးတော် ဆိုတာ...ဂျီတော့ပ်(Gtalk) ကိုးဗျ...။
ဂျီတော့ပ်(Gtalk) တောင်မှ ကြီးတော် ဖြစ်အောင် လုပ်တဲ့လူတွေ...။
နောက်ပြီးတော့ သူဆက်ပြောတဲ့ စကားကြားတော့ မှ ကျွန်တော့်တို့ လဲ ပက်လက်လန်တာပါပဲ..။
" အင်း ဘကြီးဘုန်းကြီးက ပြောလိုက်သေးတယ်...
သူက အမြဲတမ်း အုတ်လမ်း မှာရှိတယ်တဲ့ .. မင်းလာချင်တဲ့ အခါ လာခဲ့တဲ့..။"
သူပြောချင်တာ သူငယ်ချင်တို့လဲ သဘောပေါက်မှာပါ....။
ဘုန်းကြီးက online မှာ အမြဲရှိတယ်လို့ပြောချင်တာနေမှာပါ..။
သူလုပ်တော့မှပဲ ဘုန်းကြီးလဲ အုတ်လမ်းတွေ တွယ်တတ်နေရပြီလေ..။
ဒါကြောင့်မို့ပေါ့..သူငယ်ချင်းတို့ရေ....
မင်းတို့ ၊ ငါ့တို့တွေလည်း နေ့တိုင်း ကြီးတော် နဲ့ ပြောရဖို့ အုတ်လမ်း ကို လာနေကြရတာ မဟုတ်ဘူးလားကွာ...။
ဘယ်သူစတဲ့ ဇာတ်လမ်းလဲတော့ မသိဘူးပေါ့ဗျာ
ကျွန်တော့်ဆီရောက်လာတဲ့ ကြီးတော် ကို ကျွန်တော်လည်း အုတ်လမ်းပေါ် ပို့လိုက်ပါတယ်





















